Home
နိုင်ငံတကာ
အမေရိကန်ရှေ့နေချုပ် အဖြစ် ပန်ဘွန်ဒီကို ထရမ့်ပ် ရွေးချယ်
DVB
·
November 22, 2024
Photo : REUTERS/David 'Dee' Delgado

အမေရိကန်ရှေ့နေချုပ်အဖြစ် ဖလော်ရီဒါ ရှေ့နေချုပ်ဟောင်း ပန်ဘွန်ဒီကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က အဆိုပြုထားပါတယ်။

လျာထားစာရင်းကနေ ဂေ့ဇ်နုတ်ထွက်သွားလို့ သူ့နေရာမှာ ပန်ဘွန်ဒီနဲ့ အစားထိုး အဆိုပြု ရွေးချယ်ထားတာဖြစ်ပါတယ်။

ဂေ့ဇ်ဟာ အသက်မပြည့်သေးတဲ့ အသက် ၁၇ နှစ်အောက် အမျိုးသမီးတယောက်နဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် တားမြစ်မူးယစ်ဆေး သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဂေ့ဇ်ကို အောက်လွှတ်တော်က စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာဖြစ်ပြီး သူကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အမေရိကန်ရှေ့နေချုပ်အဖြစ် ထပ်မံအဆိုပြုခံထားရတဲ့ ပန်ဘွန်ဒီဟာ အမေရိကန်ရဲ့ တတိယလူဦးရေအများဆုံး ဖလော်ရီဒါပြည်နယ်မှာ ၂၀၁၁ ကနေ ၂၀၁၉ ခုနှစ်အထိ ရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ပန်ဘွန်ဒီဟာ ထရမ့်ပ် ပထမသမ္မတသက်တမ်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့မှာလည်း ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဘွန်ဒီဟာ မကြာမီက ထရမ့်ပ်ရဲ့ မဲဆွယ်ပွဲ ကမ်ပိန်းတွေမှာလည်း ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးမှုတွေ လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဘွန်ဒီနဲ့ ဂေ့ဇ်တို့ရဲ့ ကိုယ်ရေးအကျဉ်းကို ကြည့်ရင် ဆန့်ကျင်ဘက် အချက်အလက်တွေ ရှိနေပါတယ်။

ဒါ့ကြောင့် ဘွန်ဒီကို ဂေ့ဇ်နဲ့ယှဉ်ရင် အထက်လွှတ်တော်အမတ်တွေရဲ့ ဆန့်ကျင်မှု နည်းပါးတယ်။

ထရမ့်ပ်က ဘွန်ဒီကို ရွေးချယ်ကြောင်း ဆိုရှယ်မီဒီယာမှာ ကြေညာထားပြီး သူ့ရဲ့ အစိုးရရှေ့နေ အတွေ့အကြုံကို ချီးကျူးထားပါတယ်။

ဒါ့အပြင် ဘွန်ဒီဟာ ဖလော်ရီဒါရဲ့ ပထမဆုံး အမျိုးသမီးရှေ့နေချုပ် ဖြစ်ခဲ့ပြီး ရာဇဝတ်မှုတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ကြောင်း ထရမ့်ပ်က ဆိုပါတယ်။

ထရမ့်ပ်ဟာ နယူးယော့က်မှာ နုတ်ပိတ်ခပေးတဲ့အမှု အပါအဝင် အခြားအမှုတွေနဲ့လည်း ရင်ဆိုင်နေရပေမဲ့ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘွန်ဒီက ပြည်နယ်အဆင့် တရားစွဲမှုများကို နိုင်ငံရေးအတွက် အသုံးချတာတွေကို အဆုံးသတ်ပေးမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

“ကျနော်နဲ့ တခြား ရီပတ်ဘလီကန်တို့ကို တရားရုံးက ဘက်လိုက်မှုတွေနဲ့ တိုက်ခိုက်ခဲ့တာ အချိန်တော်တော်ကြာပါပြီ။ ပန်က ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ တရားရုံးကို ပြန်အာရုံစိုက်ပြီး အမေရိကန်ကို လုံခြုံအောင် ထပ်ပြီးလုပ်နိုင်မှာပါ” လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

ဘွန်ဒီဟာ ထရမ့်ပ်အပေါ် သစ္စာရှိသူတယောက်ဖြစ်ပြီး ထရမ့်ပ်ရဲ့ ပေါ်လစီ အစီအစဉ်တွေကို အကောင်အထည်ဖော်ရမယ်လို့ မျှော်လင့်ရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013