Trump 2.0 လို့ တင်စားကြတဲ့ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း အစိုးရသစ်မှာ အသစ်ထူထောင်မယ့် အစိုးရအကျိုးထိရောက်မှုဌာန (Department of Government Efficiency) ကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ဦးဆောင်မှာဖြစ်ပါတယ်။
ထရမ့်ပ်လက်ထက် အမေရိကန်မှာ ခရစ်ပ်တိုငွေကြေးတွေကို အားပေးတဲ့ “crypto-friendly” ခေတ်ကို ရောက်လာမယ်လို့လည်း မျှော်လင့်ချက်တွေနဲ့အတူ Bitcoin တန်ဖိုးဟာလည်း ဒေါ်လာ ၉၀,၀၀၀ နီးပါးအထိ မြင့်တက်သွားခဲ့ပါတယ်။
ဝါရှင်တန်ကို မြေလှန်မယ့် အီလွန်မတ်စ်ခ်
သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရဗျူရိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးကို ရည်ရွယ်တဲ့ ရဲတင်းပြီး အန္တရာယ်များတဲ့ ရွှေ့ကွက်တခုကို စတင်လိုက်ပါတယ်။ အသစ်ထူထောင်မှာဖြစ်တဲ့ အစိုးရအကျိုးထိရောက်မှုဌာန (Department of Government Efficiency) ကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ဦးဆောင်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ ဘယ်လိုသဘောဆောင်ပါသလဲ၊ အမေရိကန်ဗဟိုအစိုးရအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
လူမှုကွန်ရက် Screenshots များ၊ ဂရက်ဖစ်နဲ့ B-ROLL
ဒေါ့ဂျ် လို့ အတိုကောက် ခေါ်ဝေါ်မယ့် အစိုးရအကျိုးထိရောက်မှုဌာန (Department of Government Efficiency) ကို သတင်းထွက်နေတဲ့အတိုင်း ထရမ့်ပ်က တရာဝင် ကြေညာလိုက်ပါပြီ။ အီလွန်မတ်စ်ခ်ကလည်း သူပိုင်တဲ့ X လူမှုကွန်ရက်ကနေ ချက်ချင်းပဲ ပို့စ်တွေ တန်းစီတင်ပါတော့တယ်။ “ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုလား၊ မဟုတ်ပါဘူး။ ဗျူရိုကရေစီအတွက်သာ ခြိမ်းခြောက်မှုဖြစ်ပါတယ်” လို့ မတ်စ်ခ်က ရေးသားခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်တဲ့ မတ်စ်ခ်ရဲ့ပို့စ်
ပွင့်လင်းမြင်သာမှုကို အဓိက အာရုံစိုက်မယ်လို့ မတ်စ်ခ်က ပြောပါတယ်။ ဌာနသစ်မှာ လုပ်သမျှ လုပ်ဆောင်ချက်တိုင်းကို အွန်လိုင်းတင်ပေးမယ်လို့လည်း ပြောထားပါတယ်။ ဒါ့အပြင် သူ့စကားနဲ့ပြောရရင် “အင်မတန် ကြေကွဲစရာကောင်းသလို အင်မတန်လည်း ရယ်ရွှင်စရာကောင်းတဲ့” အလဟဿအဖြစ်ဆုံး အစိုးရသုံးစွဲမှုတွေကို အများသိအဆင့် တန်းစီဇယားတခုပါ ဖန်တီးပေးဦးမယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ကြေညာချက်
သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ထရမ့်ပ်က ခန့်အပ်မှုကို အတည်ပြုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ထရမ့်ပ်က ဒီခန့်အပ်မှုဟာ “အမေရိက ကယ်ဆယ်ရေး Save America” လှုပ်ရှားမှုရဲ့ အဓိက အစိတ်အပိုင်းတရပ်လို့ သုံးနှုန်းခဲ့ပါတယ်။ အစိုးရဗျူရိုကရေစီယန္တရားကို တစစီ ဖြိုဖျက်မှာဖြစ်သလို အပိုဖြစ်နေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ခုတ်ထစ်ပစ်မှာဖြစ်ပြီး ပြည်ထောင်စုအဆင့် အေဂျင်စီတွေကို ပြန်လည်ဖွဲ့စည်းဖို့ရာ မတ်စ်ခ်က ကူညီပေးမှာလို့လည်း ဆိုပါတယ်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးမှု အနှစ် ၂၅၀ ပြည့်တဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ လက်စသတ်ဖို့ ရည်ရွယ်ထားတဲ့ ဒီဌာနဖွဲ့စည်းမှုဟာ တိုင်းပြည်အတွက် လွတ်လပ်ရေးလက်ဆောင်တခုလည်း ဖြစ်လာမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။ မတ်စ်ခ်ရဲ့ လက်ထောက်အဖြစ် နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းရှင် အိန္ဒိယနွယ်ဖွား ဗီဗက် ရာမဆွာမိ က တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁ ဘီလီယံနီးပါး ချမ်းသာတဲ့ ရာမဆွာမိဟာ ဇီဝနည်းပညာနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ ကြွယ်ဝသူဖြစ်သလို ရီပတ်ဘလီကန် သမ္မတလောင်းရွေးပွဲမှာ ထရမ့်ပ်နဲ့ ပြိုင်ဖူးသူ ဖြစ်ပါတယ်။
ဗီဗက် ရာမဆွာမိ
၂၀၂၄ မှာ အမေရိကန်တယောက် ဖြစ်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ၊ ၁၇၇၆ ခုနှစ်က စံနှုန်းတွေကို ယုံကြည်တယ်လို့ ဆိုလိုတာဖြစ်တယ်။ အရည်အချင်းအခြေခံတဲ့ စနစ်ကို ယုံကြည်တာ ဖြစ်တယ်။ သူ့အသားအရောင်အပေါ် မူမတည်ဘဲ အတော်ဆုံးလူက အလုပ်ရတဲ့စနစ်ကို ယုံကြည်တာဖြစ်တယ်။ ခင်ဗျားရဲ့ အသွေးအရောင်ကို မမူတည်ဘဲနဲ့ ခင်ဗျားရဲ့ စရိုက်လက္ခဏာ၊ ခင်ဗျားရဲ့ ကြိုးပမ်းပါဝင်မှုအပေါ် မူတည်ပြီး ဒီတိုင်းပြည်မှာ ရှေ့တန်းရောက်မှာဖြစ်တယ်။ အဲဒါကြောင့် မတူကွဲပြားမှု၊ သာတူညီမျှမှု၊ အားလုံးပါဝင်မှု ဆိုတဲ့ နိုးထမှုအစီအစဉ်ကို စိတ်ကုန်လာတာဖြစ်တယ်။ အမေရိကကို အရည်အချင်းအဓိကစနစ်ကို ပြန်ယူလာချင်တာ ဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုကို ယုံကြည်တာဖြစ်တယ်။ ပြီးတော့ ဒီစကားကို ဒီတိုင်းပြည်ကို တရားဝင်ရွှေ့ပြောင်းလာသူတွေရဲ့ ရင်သွေးအနေနဲ့ ပြောတာဖြစ်ပါတယ်။
ထရမ့်ပ်ကတော့ အစိုးရအကျိုးထိရောက်မှုဌာနဟာ အစိုးရနဲ့ပတ်သက်လာရင် စွန့်ဦးတီထွင်တဲ့ ချဉ်းကပ်ပုံကို ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ မတ်စ်ခ်က ဦးစီးပြီးတော့ အသုံးစရိတ်ကို စာရင်းစစ်မယ်၊ အကုန်ပြင်ဆင်မယ်၊ မသမာမှုတွေကို ဖော်ထုတ်မယ်၊ အင်မတန်ကြီးမားတဲ့ ပြည်ထောင်စုအဆင့် ဗျူရိုကရေစီ ယန္တရားကို ထိရောက်အောင် လုပ်မယ်လို့ ရည်ရွယ်တာဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေကို ပထမအဖြစ် ဦးစားပေးတဲ့ ပွင့်လင်းမြင်သာမှုမျိုး ဖန်တီးဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ထရမ့်ပ်က “သူ ဘယ်မှာလဲ၊ အပေါ်တက်လာခဲ့ပါဦး၊ အီလွန်ရေ၊ သူက မျိုးဆက်များစွာအတွင်း ပထမဆုံးအကြိမ် အမေရိကန်ကားကုမ္ပဏီကြီးတခု ဖန်တီးခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန် အာကာသယာဉ်မှူးတွေ အာကာသထဲ ပို့နိုင်တဲ့ တခုတည်း အကြောင်းပြချက်ဟာ သူ့ရော့ကတ်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ မတ်စ်ခ် စင်ပေါ်တက်လာ၊ လာပါ၊ လာပါ၊ နေရာယူပါ၊ အီလွန်၊ ဒီကိုလာပါ” လို့ မတ်စ်ခ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။
တက်စ်လာ၊ SpaceX နဲ့ လူမှုကွန်ရက် X တို့ရဲ့ နောက်ကွယ်က မတ်စ်ခ်ဟာ ဒီလို အသစ်စွန့်စားမှုတွေ၊ ကုန်ကျစရိတ် လျှော့ချမှုတွေ၊ ဝန်ထမ်းဖြုတ်ထုတ်လျှော့ချမှုတွေနဲ့ စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။ အမြစ်တွယ်နေတဲ့ အစိုးရဗျူရိုကရေစီယန္တရားကို တကယ်ပဲ မတ်စ်ခ်က ရှင်းလင်းနိုင်ပါ့မလား ဆိုတာကိုတော့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
အီလွန်မတ်စ်ခ်က “အစိုးရအသုံးစရိတ်အားလုံးဟာ အခွန်ကောက်ခံမှုက လာတာဖြစ်ပါတယ်။ တိုက်ရိုက်အခွန်ကောက်တာပဲ ဖြစ်ဖြစ်၊ အစိုးရသုံးစွဲမှုပဲဖြစ်ဖြစ်၊ ငွေကြေးဖောင်းပွမှု ဒါမှမဟုတ် တိုက်ရိုက်အခွန်ကောက်ခံမှု ဖြစ်လာစေပါတယ်။ ခင်ဗျားတို့ပိုက်ဆံတွေ အလဟဿ ဖြစ်ကုန်ပါတယ်။ အစိုးရအကျိုးထိရောက်မှုဌာနဟာ ဒါကို ပြင်ဆင်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။
မတ်စ်ခ်ရဲ့ လုပ်ငန်းတွေ အပါအဝင် ကုမ္ပဏီကြီးတွေ လုပ်ရကိုင်ရလွယ်ကူအောင် စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့ပေးတာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်နာရမှာတွေ ပယ်ဖျက်ပေးမှာလို ကိုယ်အကျိုးရှိတဲ့ ကိစ္စတွေကို ဦးစားပေးလုပ်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
တဖက်မှာလည်း တကယ် ပြုပြင်ပြောင်းလဲရေးလုပ်တယ် ဆိုရင်တောင် ထရမ့်ပ်စွပ်စွဲထားသလို ဝါရှင်တန်မှာ အမြစ်တွယ်နေတဲ့ Deep State ကို ရှင်းနိုင်ပါ့မလား ဆိုတာလည်း မေးခွန်းထုတ်စရာ ရှိနေပါတယ်။ Deep State ဆိုတာဟာ ထိပ်တန်းဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းကြီးတွေနဲ့ ပေါင်းကြံပြီးတော့ ရွေးကောက်ခံ အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ စင်ပြိုင်အာဏာကျင့်သုံးနေတဲ့ ပြည်ထောင်စုအစိုးရဌာနတွေထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဝန်ထမ်းကွန်ရက်တွေ၊ အက်ဖ်ဘီအိုင်တို့ စီအိုင်အေတို့ အပါအဝင်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ ခိုင်ခိုင်မာမာ သက်သေမပြနိုင်တဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။
အဲဒီ ရှိပြီး အသိုက်အမြုံကို မတ်စ်ခ် ရှင်းနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မတ်စ်ခ်ဟာ တိုးတိုးတိတ်တိတ်နဲ့ ကိုင်တွယ်မယ့်သူမျိုး မဟုတ်ဘူး ဆိုတဲ့အချက်ကတော့ သေချာနေပါတယ်။
Bitcoin တခေတ်ဆန်းပြီလား
Bitcoin ဟာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းမှာ ပြန်နေရာယူလာပါတယ်။ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲနောက်ပိုင်း Bitcoin တန်ဖိုးဟာ ဒေါ်လာ ၉၀,၀၀၀ နီးပါးအထိ မြင့်တက်သွားခဲ့ပြီး ဒီနှစ်ပိုင်းထဲ အကြီးမားဆုံး တန်ဖိုးထိုးတက်မှု ဖြစ်ပါတယ်။ ထရမ့်ပ်အစိုးရသစ် လက်ထက်မှာ အမေရိကန်မှာ ခရစ်ပ်တိုငွေကြေးတွေကို အားပေးတဲ့ “crypto-friendly” ခေတ်ကို ရောက်လာမယ်လို့လည်း မျှော်လင့်နေကြပါတယ်။
Bitcoin ဆိုတာ ဘာလဲ
Bitcoin ဆိုတာ ဒစ်ဂျစ်တယ်ငွေကြေးတမျိုးပါ။ “ဗာကျူရယ်လ် ငွေကြေး” လို့လည်း ခေါ်ကြပြီး အွန်လိုင်းပေါ်မှာပဲ ရှိတာဖြစ်ပါတယ်။ သမားရိုးကျ ငွေကြေးတွေလို ဗဟိုဘဏ်တွေ၊ အစိုးရတွေက ထုတ်ပေးတာ မဟုတ်ပါဘူး။ အဲဒီအစား Bitcoin ကို ကွန်ပျူတာတွေက ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းပြီး ထုတ်လုပ်ရပါတယ်။ ဒါကို Mining လို့ ခေါ်ပါတယ်။ ငွေလွှဲတိုင်း blockchain လို့ခေါ်တဲ့ အများပြည်သူ ကြည့်ရှုနိုင်တဲ့ စာရင်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။ ဒါက Bitcoin ရဲ့ လုံခြုံရေးကို အာမခံပေးပါတယ်။
Bitcoin ဒင်္ဂါးပုံတွေ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ အဲဒါတွေက သင်္ကေတတွေပဲ ဖြစ်ပါတယ်။ တကယ့် Bitcoin က အွန်လိုင်းပေါ်မှာပဲ ရှိပါတယ်။ Bitcoin ကို အလွန်သေးငယ်တဲ့ ယူနစ်တွေအဖြစ် ခွဲလို့ရပါတယ်။ အဲဒီယူနစ်တွေကို ဆာတိုရှီစ် လို့ခေါ်ပြီး ၂၀၀၈ ခုနှစ်မှာ Bitcoin ကို တီထွင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်သူ Satoshi Nakamoto ရဲ့ နာမည်ကို ယူထားတာပါ။ အဲဒီနာမည်ကလည်း နာမည်အရင်း မဟုတ်ပါဘူး။
Bitcoin ကို ဘယ်လိုရနိုင်လဲ
Bitcoin ရနိုင်တဲ့ အဓိကနည်းလမ်း ၃ ခု ရှိပါတယ်။ ပထမတခုက ဒေါ်လာ၊ ယူရို စတဲ့ ပုံမှန်ငွေကြေးတွေနဲ့ Bitcoin ကို ဝယ်ယူနိုင်ပါတယ်။ ဒုတိယနည်းလမ်းက ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းချပြီး Bitcoin နဲ့ ငွေချေစေနိုင်ပါတယ်။ နောက်ဆုံးတခုကတော့ မိုင်းနင်းလို့ခေါ်တဲ့ ကွန်ပျူတာတွေသုံးပြီး ရှုပ်ထွေးတဲ့ပုစ္ဆာတွေ ဖြေရှင်းတဲ့ နည်းလမ်းကနေ Bitcoin အသစ်တွေ ရရှိနိုင်ပါတယ်။
Bitcoin အသစ်တွေကို ဘယ်လိုထုတ်လုပ်လဲ
Bitcoin စနစ် ဆက်လက်လည်ပတ်နိုင်ဖို့ လူတွေက သူတို့ရဲ့ ကွန်ပျူတာတွေကို သုံးပြီး ငွေလွှဲမှုတွေကို စီမံဆောင်ရွက်ပေးရပါတယ်။ ဒါက ကွန်ရက်ရဲ့ လုံခြုံရေးကို ကူညီပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးတဲ့အတွက် ကွန်ပျူတာတွေကို တခါတရံ Bitcoin အသစ်တွေနဲ့ ဆုချီးမြှင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို မိုင်းနင်းလို့ ခေါ်ပါတယ်။
မိုင်းနင်းလုပ်ဖို့ဆိုရင် စွမ်းအားကြီးတဲ့ ကွန်ပျူတာတွေကို သုံးပြီး အလွန်ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းရပါတယ်။ မိုင်းနင်းလုပ်တဲ့သူ များလာတာနဲ့အမျှ ပုစ္ဆာတွေကလည်း ပိုခက်လာပါတယ်။ ဒါက Bitcoin အသစ်တွေ ဈေးကွက်ထဲ ရောက်လာတဲ့နှုန်းကို ထိန်းချုပ်ပေးပါတယ်။
ဒီနေ့ခေတ်မှာ မိုင်းနင်းလုပ်တဲ့ ယှဉ်ပြိုင်မှုက အလွန်ပြင်းထန်နေပါပြီ။ Bitcoin တခုတည်း ရဖို့တောင် နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ မိုင်းနင်းလုပ်သူတွေထဲက အများစုက Bitcoin တန်ဖိုးထက် လျှပ်စစ်မီတာခက ပိုကုန်နေတတ်ပါတယ်။
Bitcoin စုစုပေါင်းအရေအတွက်ကို ၂၁ သန်းလို့ ကန့်သတ်ထားပါတယ်။ အခုဆိုရင် ၁၉ သန်း လောက် ထုတ်လုပ်ပြီး ဖြစ်ပါတယ်။ “Halving” လို့ခေါ်တဲ့ လုပ်ငန်းစဉ်ကြောင့် မိုင်းနင်းလုပ်လို့ ရတဲ့ Bitcoin ပမာဏဟာ အချိန်နဲ့အမျှ လျော့နည်းလာပါတယ်။ နောက်ဆုံး Bitcoin ကို ၂၁၄၀ ပြည့်နှစ်လောက်မှာ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
Bitcoin တန်ဖိုး ဘာကြောင့်ထိုးတက်သလဲ
ထရမ့်ပ် အနိုင်ရပြီးကတည်းက Bitcoin တန်ဖိုး အံ့သြစရာကောင်းလောက်အောင် တက်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ထရမ့်ပ် အစိုးရသစ်က ခရစ်ပ်တိုငွေကြေးတွေကို ပိုပြီး အားပေးလာမယ်လို့ မျှော်လင့်နေကြလို့ပါ။ မဲဆွယ်စည်းရုံးရေးကာလမှာ ထရမ့်ပ်က အမေရိကန်ကို “ခရစ်ပ်တိုငွေကြေး မြို့တော်” ဖြစ်အောင် လုပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ နိုင်ငံတော်အဆင့် Bitcoin အရန်ငွေ ထူထောင်နိုင်ခြေအကြောင်းတောင် ပြောခဲ့ပါသေးတယ်။ ဒီလို ရဲတင်းတဲ့ မျှော်မှန်းချက်တွေက Bitcoin ကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် ယုံကြည်မှု ပိုရှိလာစေပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ ဒီလို အကောင်းမြင်မှုတွေကြောင့် လက်ရှိ စျေးတက်မှု ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ Bitcoin တခုတည်း မဟုတ်ပါဘူး။ Ether နဲ့ Dogecoin လို Bitcoin လောက် အင်အားမကြီးတဲ့ ခရစ်ပ်တိုငွေကြေးတွေလည်း စျေးတက်လာပါတယ်။ စတော့ရှယ်ယာဈေးကွက်မှာလည်း Riot Platforms နဲ့ MARA Holdings လို ခရစ်ပ်တိုတူးဖော်ရေး ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေဟာ အမေရိကန်အစိုးရသစ်က ခရစ်ပ်တိုငွေကြေးကို အားပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြင့်တက်လာပါတယ်။
Bitcoin က ဘာကြောင့် တန်ဖိုးကြီးတာလဲ
Bitcoin က ဘာကြောင့် တန်ဖိုးကြီးရတာလဲ။ အဓိကအချက်က ယုံကြည်မှုပါ။ ရွှေ၊ စိန်တွေလိုပဲ လူတွေက ပစ္စည်း၊ ဝန်ဆောင်မှု၊ ငွေကြေးတွေနဲ့ လဲလှယ်ဖို့ လက်ခံထားလို့ တန်ဖိုးရှိတာပါ။ Bitcoin ကို ရိုးရိုးဘဏ်စနစ်ပြင်ပက ပိုင်ဆိုင်မှုတခုအဖြစ်လည်း မြင်ကြပါတယ်။ ဗဟိုချုပ်ကိုင်မှု မရှိတာ၊ ဘဏ်တွေ၊ အစိုးရတွေက မထိန်းချုပ်နိုင်တာကို လူအများက တန်ဖိုးထားကြပါတယ်။ ငွေလွှဲတဲ့အခါ အမည်မသိ လွှဲလို့ရတာကလည်း နောက်ထပ် ဆွဲဆောင်မှုတခု ဖြစ်ပါတယ်။
ဒါပေမဲ့ အန္တရာယ်တွေလည်း ရှိပါတယ်။ Bitcoin ဟာ ရုတ်တရက် အတက်အကျတွေ ဖြစ်တတ်ပါတယ်။ တန်ဖိုး ရုတ်တရက်တက်ပြီး ချက်ချင်း ပြန်ကျနိုင်ပါတယ်။
Bitcoin နောက်ထပ် ဘာတွေဖြစ်မလဲ
ဆက်ပြီး ဘာတွေဖြစ်လာနိုင်သလဲ။ ထရမ့်ရဲ့ ခရစ်ပ်တိုငွေကြေးကို အားပေးတဲ့ သဘောထားက ဆက်လက်တည်ရှိနေရင် Bitcoin တန်ဖိုး ပိုမြင့်လာနိုင်ပါတယ်။ အစိုးရက ပိုပြီး အားပေးလာရင် ရင်းနှီးမြှုပ်နှံသူတွေက ရေရှည်ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် စဉ်းစားလာနိုင်ပါတယ်။ ဒါပေမဲ့ မတည်ငြိမ်တဲ့ ရင်းနှီးမြှုပ်နှံမှုတိုင်းလိုပဲ သတိထားဖို့ လိုအပ်ပါတယ်။ Bitcoin ရဲ့ ခရီးလမ်းက အတက်အကျတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီတန်ဖိုးတက်မှုက အခန်းသစ်တခုရဲ့ အစ ဖြစ်နိုင်ပေမဲ့ ဒစ်ဂျစ်တယ် ငွေကြေးလောကမှာ အမြဲတမ်း သတိထားဖို့ လိုအပ်ပါတယ်။ Bitcoin တန်ဖိုးဟာ ဒေါ်လာတသိန်းကျော်အထိ ဖြစ်လာနိုင်တယ်၊ ခန့်မှန်းကြတာရှိပေမဲ့ မရေရာမှုတွေနဲ့ စွန့်စားမှုတွေကတော့ ရှိနေဦးမှာဖြစ်ပါတယ်။
စိုင်းခေတ်နွေ