ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ရုရှားနဲ့ ယူကရိန်းကြား တိုက်ပွဲတွေ တိုးလာတာနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်နေတယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ထရမ့်ပ်က ရွေးထားတဲ့ မိုက်ခ် ဝေါ့ဇ်က နိုဝင်ဘာ ၂၄ ရက်မှာ Fox News သတင်းဌာနကို ပြောခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ နိုင်ငံခြား ပြောက်ကျားစစ်ဆင်ရေး အထူးတပ်ဖွဲ့ဝင်ဟောင်းလည်း ဖြစ်တဲ့ မိုက်ခ်ဝေါ့ဇ်က စစ်ပွဲဟာ တာဝန်ရှိရှိ အဆုံးသတ်ရမယ်လို့လည်း ပြောပါတယ်။
အမေရိကန်သမ္မတရာထူးကို ပြန်ရဖို့ မဲဆွယ်နေချိန်က ထရမ့်ပ်ဟာ ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာ ရုရှားက ယူကရိန်းနိုင်ငံထဲကို တာလတ်ပစ် လက်နက်အသစ်တမျိုးကို ပထမဆုံးအကြိမ်အဖြစ် ပစ်ခတ်ခဲ့ပါတယ်။
ဒါဟာ ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးက အင်အားပြင်းလက်နက်တွေနဲ့ အပြန်အလှန် ထိုးစစ်ဆင်နေလို့ ခုသီတင်းပတ်အတွင်း တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာတာကို ပြနေတဲ့ ဖြစ်ရပ်တစိတ်တပိုင်း ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရဟာ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား ညှိနှိုင်းထားတဲ့ အေဘရာဟင်မ် သဘောတူညီချက်အတိုင်း အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အလုပ်ဖြစ်အောင် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတယ်လို့ မိုက်ခ် ဝေါ့ဇ်က ပြောပါတယ်။
တရုတ်နိုင်ငံက ထောက်ပံ့ရေးကွင်းဆက်တွေကို တပ်ခေါက်ပြန်အောင် ကြိုးပမ်းမယ်လို့လည်း တရုတ်ပြည်မကြီးအစိုးရကို ထိပ်တန်းဝေဖန်သူတယောက်လည်း ဖြစ်တဲ့ ဝေါ့ဇ်က ပြောခဲ့ပါတယ်။
Source : Reuters