ယူကရိန်းတပ်ဖွဲ့တွေဟာ သြဂုတ်လတုန်းက ရုရှားနိုင်ငံ ကာ့စ်ဒေသထဲ အမှတ်မထင် ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေထဲက ၄၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ဆုံးရှုံးလိုက်ရပြီလို့ ယူကရိန်းစစ်ဦးစီးချုပ်ရုံးက သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ရုရှားဟာ ကာ့စ်ဒေသမှာ တပ်သား ၅၉,၀၀၀ ချထားခဲ့ပြီး တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
“အများဆုံးတုန်းက ကျနော်တို့ ၁,၃၇၆ စတုရန်းကီလိုမီတာလောက် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အခုတော့ အဲဒီနယ်မြေဟာ ပိုသေးသွားပြီပေါ့။ ရန်သူက တန်ပြန်တိုက်ခိုက်မှုတွေ တိုးမြှင့်နေပါတယ်” လို့ အဲဒီအရင်းအမြစ်က ပြောပါတယ်။
“အခု ကျနော်တို့ စတုရန်းကီလိုမီတာ ၈၀၀ လောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပါတော့တယ်။ စစ်ရေးအရ သင့်တော်သလောက် ဒီနယ်မြေကို ဆက်ထိန်းထားသွားမှာပါ” လို့လည်း ဆိုပါတယ်။
ကာ့စ်ကို ဝင်တိုက်တာက ယူကရိန်းအရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ရုရှားတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့၊ အရှေ့ပိုင်းမှာ တဖြည်းဖြည်း တိုးဝင်လာတဲ့ ရုရှားတပ်တွေကို ဆုတ်ခွာစေဖို့နဲ့ နောင် ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေမှာ ကိယက်ဗ်အတွက် အားသာချက်ရအောင် ရည်ရွယ်ခဲ့တာပါ။
ဒါပေမဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ညက်စ်ဒေသမှာတော့ ရုရှားတပ်တွေ ဆက်ထိုးစစ်ဆင်နေပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ အဓိကရည်မှန်းချက်ဟာ ဒွန်ညက်စ်နဲ့ လူဟန့်စ်ဒေသတွေ ပါဝင်တဲ့ ဒွန်ဘတ်စ်နယ်မြေတခုလုံးကို သိမ်းပိုက်ဖို့နဲ့ ကာ့စ်ဒေသကနေ ယူကရိန်းတပ်တွေကို မောင်းထုတ်ဖို့ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သုံးသပ်ထားပါတယ်။
Source : Reuters