Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ၏အန္တရာယ် မြင့်တက်လာနေပြီဟု ဟန်ဂေရီနှင့် ပိုလန်တို့ သတိပေး
DVB
·
November 24, 2024
Photo: Reuters

အခုသီတင်းပတ်အတွင်း ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးက ဒုံးကျည်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှာ ဟန်ဂေရီဝန်ကြီးချုပ်နဲ့ ပိုလန်ဝန်ကြီးချုပ်တို့ဟာ ယူကရိန်းစစ်ပွဲကနေ အန္တရာယ်တွေ မြင့်တက်လာတာကို သတိပေးခဲ့ကြပါတယ်။

ရုရှားရဲ့လှုပ်ရှားမှုတွေကို အလေးအနက်ထားသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားခဲ့ပြီး ဥရောပသားတွေဟာ မော်စကိုနဲ့ ဆက်ဆံရာမှာ စစ်ပွဲကာလ စည်းမျဉ်း အယူအဆတွေကို လက်ခံထားသင့်တယ်လို့ ဆိုပါတယ်။ 

“ရုရှားဟာ ဥရောပနိုင်ငံတွေနဲ့ အခြေခံအားဖြင့် ကွဲပြားပြီး စစ်တပ်အာဏာအပေါ် အခြေခံထားတဲ့ သူ့မူဝါဒတွေ၊ ကမ္ဘာမှာ သူ့အဆင့်ရပ်တည်မှုနဲ့ အနာဂတ်အတွက် သူ့အမြင်သဘောထားတွေကို အများအားဖြင့် ခေတ်အမီဆုံး အဖျက်လက်နက်တွေတပ်ဆင်ထားတဲ့ ကမ္ဘာ့ အင်အားအတောင့်တင်းဆုံး စစ်တပ်တတပ်ကို ပိုင်ဆိုင်ထားမှုနဲ့ တိုင်းတာသတ်မှတ်တာကြောင့် ရုရှားလိုနိုင်ငံမျိုးနဲ့ ဆက်ဆံတဲ့အခါ သူတို့ ကိစ္စတခုခုပြောတဲ့အခါ သူတို့ပြောတဲ့ပုံစံအတိုင်း နားလည်နေဖို့ လိုတယ်”လို့ အော်ဘန်က ပြောပါတယ်။ 

လာမယ့် ၂ လအတွင်းမှာ ဥရောပသားတွေဟာ အနောက်ဥရောပပုံစံ ဆက်သွယ်ရေးမူဝါဒတွေရဲ့ စည်းမျဉ်းတွေကိုအခြေမခံဘဲ စစ်အတွင်း ယုတ္တိဗေဒအရ ချဉ်းကပ်သင့်တယ်လို့လည်း ဆိုပါတယ်။

ပိုလန်၀န်ကြီးချုပ် ဒေါ်နယ်လ်တပ်စ်ခ်ကလည်း ယူကရိန်းစစ်ပွဲက အဆုံးအဖြတ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မကြာသေးခင်ကဖြစ်ရပ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြသနေတာလို့ ပြောကြားပါတယ်။

ဒီပဋိပက္ခ စစ်ပွဲရဲ့အဆုံးသတ်ကို ဘယ်သူမှမသိကြကြောင်းနဲ့ မသိနိုင်တဲ့ အခြေအနေက နီးကပ်လာပြီလို့ ခံစားရကြောင်း ဒေါ်နယ်လ်တပ်စ်ခ်က ပြောဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ခေတ်မီအနောက်တိုင်းလက်နက်တွေနဲ့ ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့ ကိယက်ဗ်ကို ခွင့်ပြုခဲ့အပြီး  နိုဝင်ဘာ ၂၁ ရက်မှာ ရုရှားဟာ ယူကရိန်းနိုင်ငံ နီးပရိုမြို့မှာ အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို ပစ်ခတ်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၉ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နျူကလီးယား ဒဏ်ခတ်မှု ကန့်သတ်ချက်ကို လျှော့ချခဲ့ပြီး သမားရိုးကျတိုက်ခိုက်မှု အများအပြားကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယား သုံးစွဲနိုင်ခြေ အလားအလာကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013