ရုရှားဟာ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်နဲ့ ယူကရိန်းရဲ့ နီးပရိုမြို့လယ်ကို တိုက်ခိုက်ခဲ့တာဟာ ဒီစစ်ပွဲရဲ့ အတိုင်းအတာနဲ့ ရက်စက်ကြမ်းကြုတ်မှုက ရှင်းရှင်းလင်းလင်းကို အရှိန်မြှင့်လိုက်တာလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပြီး တကမ္ဘာလုံးအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အခုဆို ရက်ပေါင်း ၁,၀၀၀ ကျော်သွားပြီဖြစ်တဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားမြေပေါ် ဖြန့်ကျက်ထားပြီးနောက် လက်နက်သစ်အသုံးပြုမှုကို ပူတင်က အသိအမှတ် ပြုလိုက်တာဟာ စစ်ပွဲအတွင်း နောက်ထပ် အရှိန်မြှင့်တာပဲလို့ သမ္မတ ဇလန်းစကီးက လူမှုကွန်ရက် X မှာ ပြောပါတယ်။
ဒီနေ့မှာ ယူကရိန်းကို တိုက်ချင်းပစ်ဒုံးကျည် အသုံးပြုခြင်းဟာ ငြိမ်းချမ်းရေးကို ရုရှားက စိတ်မဝင်စားကြောင်း သက်သေပြနေတာပါလို့လည်း ဆိုပါတယ်။
ပူတင်ဟာ စစ်ပွဲကို ရှည်ကြာအောင် ဆွဲဆန့်နေရုံသာမက ငြိမ်းချမ်းရေးကို အမှန်တကယ် ပြန်လည်ရယူလိုတဲ့ ကမ္ဘာပေါ်ရှိ လူတွေကို ရည်ရွယ်ချက်ရှိရှိ ညစ်ညစ်ညမ်းညမ်း မထီမဲ့မြင်ပြုနေတာပဲလို့လည်း X မှာ ပြောဆိုထားပါတယ်။
အခုအချိန်ထိ ကမ္ဘာက ရုရှားရဲ့လုပ်ရပ်အပေါ် တင်းတင်းမာမာ ပြင်းပြင်းထန်ထန် တုံ့ပြန်မှု မရှိတာဟာ ဒီလိုအပြုအမူကို လက်ခံနေတဲ့ သဘောပဲလို့လည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသွားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ရုရှားဟာ ယူကရိန်း စစ်ဘက်အဆောက်အအုံတခုမှာ အသံထက်မြန်တဲ့ တာလတ်ပစ် ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို ပစ်ခတ်လိုက်ခြင်းဟာ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ဒုံးကျည်တွေကို ကိယက်ဗ်ကအသုံးပြုမှုကို တုံ့ပြန်ခဲ့တာလို့ ပြောဆိုထားပါတယ်။
Source : Reuters