ရုရှားနိုင်ငံထဲမှာ တပ်စွဲထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အရေအတွက်ဟာ အင်အားတသိန်းအထိ တိုးလာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်လာနိုင်ရေး အားကောင်းလာစေဖို့ မြောက်ကိုရီးယားက ရုရှားကို လက်နက်နဲ့ တပ်ဖွဲ့တွေ ပံ့ပိုးပေးခဲ့တယ်လို့ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ပြောပါတယ်။
“အခု ပူတင်က ယူကရိန်းနယ်စပ်ကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁,၀၀၀ ခေါ်လာတယ်။ ဒီအင်အားက တသိန်းအထိ တိုးလာနိုင်တယ်” လို့ ဇလန်းစကီးက ဥရောပလွှတ်တော်ကိုပြောတဲ့ မိန့်ခွန်းအတွင်း ပြောကြားပါတယ်။
မြောက်ကိုရီးယားတပ်တွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရေး စစ်ဆင်ရေးတွေမှာ ပါဝင်လုပ်ဆောင်နေပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နှစ်ဖက်ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေပါတဲ့ မြောက်ကိုရီးယားနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို အခုလထဲမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယူကရိန်းဟာ တာဝေးပစ် တိုက်ခိုက်မှုတွေအတွက် ထောက်ခံမှုရရှိရေး လုပ်ဖော်ကိုင်ဖက် အားလုံးနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံအတွင်း ပိုနက်နက်ရှိုင်းရှိုင်း ပစ်ခတ်တိုက်ခိုက်ရာမှာ ATACMS ဒုံးကျည်တွေကို သုံးခွင့်ပြုဖို့ အမေရိကန်အစိုးရက ယူကရိန်းအစိုးရကို အခုသီတင်းပတ်အတွင်း အတည်ပြုခဲ့ပါတယ်။
ရုရှားနိုင်ငံ ဘရန့်စ်ခ်ဒေသထဲက လက်နက်သိုလှောင်ရုံကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဇလန်းစကီးက သူ့အစိုးရမှာ အခု အမေရိကန်ရဲ့ ATACMS စနစ်တွေအပြင် ကိုယ်ပိုင် တာဝေးပစ်စွမ်းရည်တွေရှိပြီး အားလုံးကို သုံးမယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံဆီ ယူကရိန်းက တာဝေးပစ် တိုက်ခိုက်မှုစွမ်းရည် သုံးတာကို ပံ့ပိုးပေးဖို့ ဂျာမနီအတွက် အချိန်တန်ပြီလို့လည်း ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ယူကရိန်းမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပူတင်နဲ့ တနာရီကြာ ဖုန်းပြောခဲ့တဲ့ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်ဟာ ယူကရိန်းဆီ တာဝေးပစ် တောရပ်စ် ခရုဇ်ဒုံးကျည်တွေ ပံ့ပိုးပေးဖို့ ချီတုံချတုံဖြစ်နေလို့ ယူကရိန်းအစိုးရကို စိတ်ပျက်အားငယ်စေခဲ့ပါတယ်။
အင်္ဂါနေ့က ရုရှားနိုင်ငံ ဘရန့်စ်ခ်ဒေသက လက်နက်တိုက်ကို တိုက်ခိုက်ဖို့ ယူကရိန်းစစ်တပ်က အမေရိကန်က ထောက်ပံ့ပေးတဲ့ စနစ်ကို သုံးခဲ့တယ်လို့ ယူကရိန်းအရာရှိ သတင်းရင်းမြစ်က အတည်ပြုအပြီးမှာ ဇလန်းစကီးရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Source : Reuters