Home
နိုင်ငံတကာ
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း ဆိပ်ကမ်းအဆောက်အဦ ၃၂၁ ခု ပျက်စီးခဲ့
DVB
·
November 24, 2024
Photo: Reuters

ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်လို့ မနှစ်ဇူလိုင်လကတည်းကခုထိ ယူကရိန်း ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံ ၃၂၁ ခု ပျက်စီးခဲ့တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တခြားနိုင်ငံပိုင် ကုန်သင်္ဘော ၂၀ လည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

ရုရှားအစိုးရကတော့ အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

ယူကရိန်းဟာ ကမ္ဘာ့မှာ ဂျုံနဲ့ ပြောင်းကို အဓိကစိုက်ပျိုးတဲ့နိုင်ငံဖြစ်ပြီး ရုရှားမကျူးကျော်မီက ပင်လယ်နက်ကနေတဆင့် တလကို ကောက်ပဲသီးနှံ တန်ချိန် ၆ သန်းလောက် တင်ပို့ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကကျူးကျော်ဝင်ရောက်လာချိန် ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။ 

ကုလသမဂ္ဂနဲ့ တူရကီတို့က ကြားဝင်ဖျန်ဖြေပေးတဲ့ သဘောတူညီချက်အရ ပင်လယ်နက် ဖြတ်ကျော် ကောက်ပဲသီးနှံတင်ပို့ရေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ပြန်စခဲ့ပေမဲ့ တနှစ်အကြာမှာ ရုရှားက သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ယူကရိန်းက ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ တူရကီရေပိုင်နက်ကို ဖြတ်ပြီး ကိုယ်ပိုင်စင်္ကြံလမ်းကြောင်းကိုသုံးရင်း ကောက်ပဲသီးနှံနဲ့ တခြား အစားအစာထုတ်ကုန်တွေကို တင်ပို့ခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အဓိကရည်ရွယ်ချက်က ဒန်ညက်စ်နဲ့ လူဟန့်စ်ခ်ဒေသတွေ ပါတဲ့ ဒွန်ဘတ်စ်ဒေသကြီးတခုလုံးကို သိမ်းပိုက်ပြီး ယူကရိန်းတပ်တွေကို ရုရှားရဲ့ ကာ့က်စ်ခ်ဒေသကနေ ဖယ်ဖို့ပဲလို့ ဇလန်းစကီးက ပြောပါတယ်။ 

“ပူတင်အတွက် အရေးကြီးဆုံးအရာက ကာ့က်စ်ခ်ဒေသကနေ ကျနော်တို့ကို တွန်းထုတ်ဖို့ပါပဲ။ ဇန်နဝါရီ ၂၀ မတိုင်ခင် တွန်းထုတ်ချင်နေတာ သေချာပါတယ်”လို့ ဇလန်းစကီး က မီဒီယာတွေကို ပြောခဲ့ပါတယ်။ 

သူ့အနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့က အရမ်းအရေးကြီးပါတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024