Home
မြန်မာသတင်း
မွန်ပြည်နယ်က အလုပ်သမား အယောက် ၂၀ စစ်မှုထမ်းရန် ဖမ်းဆီးခံရ
DVB
·
November 24, 2024
Photo - ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ တယ်လီဂရမ်ချန်နယ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ အလုပ်သမားအယောက် ၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရပြီး စုစုပေါင်း အယောက် ၁၆၀ ဖမ်းခံရတာကို စာရင်းရထားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီမှာ ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာက လမ်းခင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းခွင်မှာလုပ်နေတဲ့ အလုပ်သမားအယောက် ၂၀ ကို စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ‌ ပေါင်မြို့နယ်က ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင် ၃ ခုမှာ အလုပ် လုပ်ကိုင်ကြတဲ့  အသက် ၁၉ နှစ်ကနေ ၃၅ နှစ်ဝန်းကျင် အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သူတို့ကို ပေါင်မြို့နယ်၊ ရင်းငြိမ်မြို့က စစ်ကောင်စီတပ်စခန်းမှာထားပြီး သံလွင်မြစ် တဘက်ကမ်းက မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေဆီကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOMရဲ့  တာဝန်ရှိသူက “လမ်းခင်းကျောက် ထုတ်လုပ်တဲ့ လုပ်ငန်း ၃ ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးတာဖြစ်တယ်။ သူတို့ကို ညှဉ်းပန်းနှိက်စက်တာ ရိုက်နှက်စစ်ဆေးတာ ခြိမ်းခြောက်တာတွေ လုပ်နိုင်ခြေရှိတယ်။ တဖက်မှာလည်း ပြန်လွတ်ချင်ရင် မိဘတွေကို ပြန်ပြီးဆက်သွယ် အစားထိုးပြီးတော့ငှားရမ်းမယ့် အဖိုးအခတွေပြောနိုင်ခြေရှိတယ်။ အဲဒါတွေကလည်းမနည်းပါဘူး။ တချို့ဆို သိန်း ၄၀၊ ၅၀ ဝန်းကျင် ရှိပါတယ်။ အရင်က ဒီလိုအဖြစ်အပျက်တွေအများကြီးပါ။ မွန်ပြည်နယ်မှာ ဒီလိုအဖမ်းခံရတဲ့သူတွေက ၁၆၀ ဝန်းကျင်လောက် စာရင်းရထားပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းဉပဒေအောက်မှာ လူငယ်တွေကို သတ်ကွင်းထဲပို့နေတာဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဉပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပြီးနောက် လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခေါ်ဆောင်ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေတာ သင်တန်းအပတ်စဉ် ၆ အထိရှိပြီဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013