Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်ကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံး၊ PDF ၁ ဦးကျဆုံး
DVB
·
December 21, 2024
Photo-အမှတ် ၁ စစ်ဒေသ၊ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၆ ယောက်သေဆုံး၊ လက်နက်နဲ့ခဲယမ်းတွေလည်းရခဲ့ပြီး PDF ရဲဘော်တယောက်လည်း ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကျွန်းလှမြို့နယ်၊ ကံပေါက်ပျူစောထီးရွာကနေ ထိုးစစ်ဆင်လာတဲ့ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၆၀ လောက်ကို ကန့်ဘလူခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ကန့်ဘလူခရိုင် ပကဖ၊ ပလဖ၊ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ၊ ပလဖ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နဲ့ ဒေသခံ ပကဖ တို့က ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာနားမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က တိုက်ခိုက်ခဲ့ကြတာပါ။

ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစုရဲ့ပြောရေးဆိုခွင့်ရှိသူက “အဲဒီနေ့က တနေကုန်နီးပါးလောက် တိုက်ပွဲဖြစ်ခဲ့တာပါ။ သူတို့ဘက်ကတော့ အတော်လေး အထိနာသွားတယ်လို့ပြောရမယ်ဗျ။ ဒဏ်ရာရတဲ့ကောင်တွေကို ကား ၃ စီးနဲ့သယ်သွားပြီးတော့ ကျွန်းလှကနေ ကန့်ဘလူ ခုတင် ၁၀၀ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတာပေါ့နော်။ သူတို့အထိနာလို့ တိုက်ပွဲဖြစ်နေတဲ့အချိန် နေ့လယ် ၁၂ နာရီကျော်လောက်မှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းပစ်ကူ ၂ ကြိမ် လုပ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၅ ယောက် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ လောက်ရှိပြီး တိုက်ပွဲအတွင်းကနေ MA15 သေနတ် ၁ လက်၊ MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၅ လက်၊ ကျည်မျိုးစုံ ၁၆၇၀ တောင့်၊ ဗုံးသီးမျိုးစုံ ၃ လုံး၊ နင်းမိုင်း ၆ လုံး၊ RPG ၃ လုံး၊ MA15 ခါးပတ် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ RT စက် ၁ လုံး၊ လက်ကောက် ၂ ကွင်း၊ လက်စွပ် ၁ ကွင်း၊ ဆွဲကြိုးအပြတ် ၁ ခု၊ နားကပ် ၁ ခု၊ ငွေသား ၃၂၀,၈၀၀ ကျပ်နဲ့ လူသုံးကုန်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့​တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ရတဲ့အပြင် တော်လှန်ရေးရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရ​ဘူး လို့လည်း သူကဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခဲ့သူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် သင်မန်းတောရွာက ပျူစောထီးတွေနဲ့ နတ်ပေးကျေးရွာက ပျူစောထီး ၁ ယောက်လည်းပါပြီး တိုက်ပွဲအတွင်း သေဆုံးသွားသူအများစုကို ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီဂိတ်စခန်းနားမှာရှိတဲ့ ကန့်ဘလူသုဿာန်မှာပဲ စစ်ကောင်စီတပ်ဘက်က မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ကလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာမှာ အထိုင်ချနေတဲ့  ခမရ ၃၆၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ နီးပါးကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံး၊ ၁၅ ယောက်လောက်ထိခိုက်ဒဏ်ရာရရှိသွားပြီး MA1 သေနတ် ၁ လက်၊ MA ကျည် အတောင့် ၄၆၀၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၇ လုံး၊ ကျည်ဘောက် ၅ ခု၊ ဦးထုပ် ၂ လုံးနဲ့ Icom စက် ၁ လုံး သိမ်းဆည်းရခဲ့ပြီး တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ယောက် လည်းကျဆုံးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013