မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ထန်းပင်ကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်က သရက်ကွပျူရွာစောထီးရွာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့တယ် လို့ သိရပါတယ်။
ထန်းပင်ကုန်းရွာကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ MDY PDF က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် အစပ်မှာရှိတဲ့ ထန်းပင်ကုန်းရွာစစ်ကောင်စီစခန်းကို မန္တလေး PDF က သိမ်းပိုက်ခဲ့တာပါ။ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိပြီးတော့ စစ်သုံ့ပန်း ၂ ယောက်လည်း အရှင်ဖမ်းမိခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မနက် ၉ နာရီဝန်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မတ္တရာမြို့နယ်အတွင်းက တခြားနေရာတွေအပြင် သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံက “ထန်းပင်ကုန်းရွာက မတ္တရာမြို့ရဲ့ အရှေ့ခြမ်းမှာ ရှိတာပါ။ မန္တလေးမြို့နဲ့ဆို ၁၀ မိုင်ကျော်လောက်ပဲ ဝေးပါတယ်။ အဲဒီ ထန်းပင်ကုန်းရွာနဲ့က ဝသုန္နရနဲ့ မြကန် ဆိုတဲ့ ရွာတွေနဲ့လည်း တစပ်တည်းပါ။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က တော်တော်လေးအထိနာတယ်ဗျ။ သူတို့ဘက်က ထိခိုက်သေဆုံးတာ မနည်းဘူး။ သူတို့ဘက်က သေပြီးဒဏ်ရာရတဲ့ အရေအတွက်အတိအကျကတော့ အတည်မပြုနိုင်သေးဘူးလေ။ မိုးကာအုပ်ထားတဲ့ ကားတွေနဲ့တော့ မန္တလေးဘက်ကို ပြန်သယ်နေကြတယ်။ စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေကတော့ ဆက်တိုက်လုပ်နေတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့နဲ့ ၂၀ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ အနီးဝန်းကျင်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေအပါအဝင် လေကြောင်းပစ်ကူတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ထန်းပင်ကုန်းကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ အုတ်ဖိုရွာသစ်ကျေးရွာ၊ စကားပင်ကျေးရွာ၊ သန်းကုန်းကျေးရွာနဲ့ တံတားဖြူကျေးရွာတို့က ဒေသခံပြည်သူ ထောင်ချီပြီး ထွက်ပြေးနေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်စဉ်ပတ်သက်ပြီး မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ အော်စမွန် ဆီကို DVB က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာမရှိသေးသလို မန္တလေး PDF က ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းမှာတော့ စစ်သုံ့ပန်း ၂ ယောက်နဲ့ သေနတ် ၅ လက်အပြင် ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Photo: MDY PDF
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့က စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို မန္တလေး PDF နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေက အပြီးသတ်ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်က သရက်ကွပျူရွာစောထီးရွာကိုလည်း ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့တန်းရဲဘော်တွေနဲ့ နီးစပ်သူတယောက်က “တိုက်ပွဲဖြစ်တာက ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲစဖြစ်နေတာ။ ၃ ရက်တာတိုက်ပွဲဖြစ်ပြီးတော့ စခန်းကို အပြည့်အဝ သိမ်းနိုင်ခဲ့တာ။ နှစ်ဖက် ထိခိုက်အကျဆုံးကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
သရက်ကွပျူရွာစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရပြီး ပျူရွာအတွင်းက စစ်ကောင်စီနဲ့ ပျူစောထီးအကျအဆုံးကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မထုတ်ပြန်ကြသေးပါဘူး။
မြိုင်မြို့နယ် တပ်ရင်းတခုရဲ့ ခေါင်းဆောင်က “ကျနော်တို့ သရက်ကွပျူရွာကို စခန်းသိမ်းနိုင်တယ်ဆိုတဲ့ သတင်းကမှန်ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်နဲ့ပျူတွေက စခန်းစွန့်ခွာပြီး မြိုင်မြို့ စက်မှုဇုန်အတွင်း ထွက်ပြေးသွားတယ်ဗျ။ အခု အစ်ကို မေးနေတဲ့အချိန်မှာ သရက်ကွပျူရွာကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းရေးမလုပ်ရသေးတော့ အတိအကျ ဘာမှမပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက စစ်တပ်အထိုင်ချ တပ်စွဲနေထိုင်တဲ့ ပျူစောထီးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရိက္ခာနဲ့ကျည်လမ်းကြာင်းတွေ ဖြတ်တောက်ထားတယ်လို့လည်း သိရပါတယ်။