ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာကနေ စစ်အင်အား ၁၁၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က မင်းပလောင်ကျေးရွာကို စစ်ကြောင်းထိုးလာချိန် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ် (DSNDA) နဲ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ DSNDA က ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ဖျက်အားပြင်းတဲ့ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်က ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
DSNDA ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက “စစ်ကောင်စီက ခုလက်ရှိ မင်းပလောင်ရွာထဲမှာ ရှိနေပါတယ်။ ထပ်ပြီးအင်အားဖြည့်နေတာလည်း တွေ့ရတယ်ဗျ။ ပထမထိတွေ့မှုမှာ ၃ ယောက် သေတယ်။ နောက်ထပ် ထိတွေ့မှုမှာကတော့ အတည်မပြုနိုင်သေးဘူးဗျ၊ တရွာလုံးကိုလည်း မီးရှို့လိုက်တာဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး လေကြောင်းကနေလည်း ကင်းထောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာထဲက နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာထဲမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ၅ လပိုင်းမှာ စစ်ကောင်စီတပ်နဲ့ DSNDA တို့ကြား မင်းပလောင်ကျေးရွာ အနီးနားမှာ တိုက်ပွဲ ဖြစ်ပွားဖူးပေမဲ့ အခုအခါမှာတော့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။