မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ကန်သာရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက် မနက် ၁၁ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က မတ္တရာမြို့ ဘောလုံးကွင်းကနေ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ မတ္တရာဒေသခံတယောက်က ပြောပါတယ်။
“သေဆုံးသူရဲ့အမည်က ဦးခင်မောင်ဆင့် အသက် ၅၀ ကျော်ပါဗျ။ ကျန်တဲ့ဒဏ်ရာရရှိသူ ၃ ဦးစလုံးက အမျိုးသမီးတွေချည်းပါပဲ။ သူတို့ကိုတော့ လုံခြုံရေးအရ အမည်နဲ့အသက်တွေ မပြောတော့ပါဘူး။”
သေဆုံးသူ ဦးခင်မောင်ဆင့်ဟာ မတ္တရာမြို့နယ် အရှေ့ခြမ်းက အင်းတဂါးရွာဇာတိ ဖြစ်ပါတယ်။
မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ စုံစမ်းသိရတာကတော့ ကြက်ဝိုင်းလုပ်နေတဲ့နေရာကို လက်နက်ကြီးကျပြီး အခုလို သေဆုံးရတာပါ။ ကျန်တာကတော့ ပေါက်ရုံ ပြဲရုံလောက်သာ ထိမှန်ခဲ့တာလို့ သိထားရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မတ္တရာမြို့ပေါ်ကနေ ညနေ ၃ နာရီခွဲမှာလည်း ငါးလုံးပြွန်ရွာဘက်ကို စစ်တပ်က လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ပြီး မြေပြင် ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ပြည်သူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မတ္တရာမြို့နယ်အတွင်း စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာလကုန်ပိုင်းက စတင်ပြီး နေ့စဉ်နီးပါးလိုလို နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မတ္တရာနယ် အနောက်ခြမ်းက ပြည်သူထောင်နဲ့ချီဟာ နေရပ်စွန့်ခွာနေကြရပါတယ်။
ဒါ့အပြင် စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့နေတာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်ဘဝအပြင် နေထိုင်စရာပါ မရှိကြတော့ဘဲ ဖြစ်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။