Home
မြန်မာသတင်း
သရက်ကွပျူစောထီးရွာတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၄ ဦး သေ၊ PDF ရဲဘော် ၂ ဦး ကျဆုံး
DVB
·
December 22, 2024
Photo: အညာမြေတပ်ပေါင်းစုတပ်ဖွဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်က သရက်ကွပျူစောထီးကျေးရွာစခန်းသိမ်းတိုက်ပွဲနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်းများပြားသလို PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Myaing Underground Defence Force (MUGDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီ ပျူရွာစခန်းသိမ်းတိုက်ပွဲနဲ့ စစ်တပ်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာတော့ တိုက်ပွဲကာလ ၃ ရက်လောက် ကြာတယ်ပေါ့ဗျာ။ စစ်ကူလာတဲ့သူတို့စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ကြသေးတယ်ပေါ့။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်သားနဲ့ပျူ ၁၄ ယောက်သေတယ်။ ၃၀ လောက်ဒဏ်ရာရတယ်ဗျ။ ကျနော်တို့ တပ်ပေါင်းစုဘက်ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရသလို ရဲဘော် ၁၂ ယောက်လည်း  ဒဏ်ရာရရှိခဲ့ကြတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ သရက်ကွပျူစောထီးကျေးရွာစခန်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပျူစောထီးကျေးရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က “ပခုက္ကူမြို့နယ်ထဲက ရွာတွေကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းက ဒီဘက်က ပျူရွာစခန်းသိမ်းတိုက်ပွဲကိုစစ်ကူလာတာဗျ။ ၁၉ ရက်နေ့ တရက်တည်း တိုက်ပွဲ ၂ ကြိမ်မှာ ကြာချိန် ၄ နာရီလောက်တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ သူတို့ဘက်က လေကြောင်းပစ်ကူကလည်း ၅ ကြိမ်လောက်လုပ်သွားတယ်။ အဲဒီလေကြောင်းပစ်ကူကြောင့် သရက်ကွပျူရွာက လူနေအိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးသွားခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းမှာတော့ သရက်ကွပျူစောထီးကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းကနေ ထွက်ပြေးသွားကြပြီး မြိုင် စက်မှု ၂ မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ပူးပေါင်းကြတဲ့အတွက် သရက်ကွကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ရာနှုန်းပြည့်ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

သရက်ကွပျူစောထီးကျေးရွာနဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို အညာမြေ‌တပ်ပေါင်းစုနဲ့အတူ မြိုင် ပကဖ၊ ပေါက် ပကဖ၊ မြိုင် ပေါက် ကမ္မ ပကဖ တပ်ရင်းအမှတ် ၁ နဲ့ ၂၊ ပခုက္ကူခရိုင်အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၀၊ ၁၅၊ ၁၇ တပ်ရင်း၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ 8+စုဖွဲ့မှု၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓားမင်းကြီးတပ်ဖွဲ့နဲ့ ကိုအောင်ကြီးတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ချေမှုန်းရေး၊ ဖြတ်တောက်ရေး၊ ဒရုန်းစစ်ဆင်းရေး၊ ထောက်ပို့၊ သတင်းထောက်၊ စစ်သားအလောင်း မီးရှို့တာ စတဲ့ တာဝန်အသီးသီးကို သူ့နေရာနဲ့သူ တာဝန်ကျရာနေရာကနေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးကျေးရွာ ၅ ရွာရှိတဲ့အနက် ပျူစောထီးကျေးရွာ ၂ ရွာကို တော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024