ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဆက်စပ်တဲ့ ဧရာဝတီတိုင်းထဲမှာ စစ်ရေး ပြင်ဆင်နေပြီး ရေကြည်မြို့မှာရှိတဲ့ ၃၄၄ အမြောက်တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တခု ဆောက်လုပ်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ဒုတိယအပတ်က စတင်တည်ဆောက်နေတာဖြစ်ပြီး အဲဒီ လေယာဉ်ကွင်းကို စစ်ကောက်စီ လက်အောက်ခံရဲတွေ၊ စစ်သားတွေ၊ မီးသတ်တွေ၊ ဝန်ထမ်းတွေနဲ့ အရေးပေါ် တည်ဆောက်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရေကြည်အမြောက်တပ် ၃၄၄ မှာ အရေးပေါ်လေယာဉ် ကွင်းငယ်တခု တည်ဆောက်နေတာ ဟုတ်တယ်။ အမြန်ဆုံးပြီးအောင် ဆောက်လုပ်တဲ့ပုံစံရှိတယ်။ လူအင်အား စက်အင်အားတွေအပြည့်နဲ့ ဆောက်နေတာ။ ဆောက်လုပ်ရေးဘက်က ဝန်ထမ်းတွေနဲ့ စစ်သားတွေ အဓိကလုပ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ဧရာဝတီတိုင်းအတွင်း ဝင်ရောက် နယ်မြေသိမ်းဆည်းမှာကို ခုခံဖို့အတွက် စစ်ရေး ပြင်ဆင်ရာမှာ အသုံးပြုဖို့ လေယာဉ်ကွင်းကို တိုင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး အားချင်းတည်ဆောက်နေတာလို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူဆီက သိရပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ ဧရာဝတီအစပ်မြို့နယ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားနေသလို ပုသိမ်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ မြန်အောင်နဲ့ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ တင့်ကားတွေ သံချပ်ကားကားတွေနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲမှာလည်း စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရခိုင်မှာ AA ရဲ့ ထိုးစစ်စခဲ့တဲ့အချိန်တုန်းကလိုပဲ ပုသိမ်မြို့ကနေ ကုန်ကားတွေ ထွက်တာလို့ ဒီဇင်ဘာ ၂၁ ရက် မနေ့ကစလို့ စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။