Home
မြန်မာသတင်း
ရေစကြို ရေလယ်ကျွန်း ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ နေအိမ် ၄၀ ကျော်ဆုံးရှုံး 
DVB
·
December 23, 2024
Photo: ရေစကြိုသတင်းအချက်အလက်ကော်မတီ

မကွေးတိုင်း၊ ရေစကြိုနယ်က ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြလို့ လူနေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးသွားပါတယ်။

ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ခံက “ရေလယ်ကျွန်းဒေသဖြစ်တဲ့ နွယ်နီရွာကို စစ်သင်္ဘော ၁ စီး ရောက်ကပ်လာပြီးတော့ နွယ်နီရွာနဲ့ အနီးနားကရွာတွေကို စစ်ကြောင်းထိုးတယ်။ ရွာတွေထဲက အိမ်တွေပေါ်တက်ပြီး ပစ္စည်းတွေ လုသွားကြတယ်။ နောက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတယ်။ နွယ်နီရွာ အပါအဝင် ၅ ရွာပေါ့။ မီးလောင်တဲ့အိမ်တွေကတော့ စာရင်းအရ ၄၁ လုံးရှိပါတယ်”လို့ ပြောပါတယ်။

နွယ်နီကျေးရွာ (ရွာမ) က လူနေအိမ် ၁၉ လုံး၊ ကျွန်းညိုကျေးရွာက လူနေအိမ် ၁၅ လုံး၊ ခြံယာကျေးရွာက လူနေအိမ် ၂ လုံး၊ နတ်ပေးကျေးရွာက လူနေအိမ် ၃ လုံးနဲ့ မြောက်ကျေးရွာက လူနေအိမ် ၂ အိမ်လုံး စုစုပေါင်း၊ လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “အဲဒီစစ်သင်္ဘောက မင်းရွာ ပျူစောထီးစခန်းကို ရိက္ခာလာပို့ရင်းနဲ့ စစ်ကြောင်းထိုးပြီး မီးရှို့သွားကြတာ။ မင်းရွာမှာ ၁ ည အိပ်သွားတယ်။ အင်အား ၁၀၀ နီးပါးလောက်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါစစ်သင်္ဘောဟာ ချင်းတွင်းမြစ်ကမ်းဘေး နွယ်နီကျေးရွာအနီးမှာ ဒီဇင်ဘာ ၁၉ ရက်က ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းမှာတော့ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသဟာ တော်လှန်ရေးတပ်ဖွဲ့ အင်အားကောင်းတဲ့ ဒေသတခု ဖြစ်ပါတယ်။ 

အိမ်ခြေပေါင်း ၃၀၀ ရှိတဲ့ မင်းကျေးရွာကတော့ ပျူစောထီး အားကောင်းပြီး စစ်ကောင်စီတပ် ဘက်က တပ်စွဲထားတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013