စစ်တပ်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အမျိုးသမီးစစ်မှုထမ်းတွေ ပါဝင်နိုင်ဖို့အတွက် အမျိုးသမီး စစ်မှုထမ်းအရာရှိတွေ လေ့ကျင့်မွေးထုတ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ အမျိုးသမီး စစ်မှုထမ်းတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
ကာကွယ်ရေးတပ်တာဝန်ဟာ တပ်မတော်တခုတည်းနဲ့ ဆိုင်တာမဟုတ်ဘဲ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရမယ့်တာဝန် ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီ စစ်ရေးပြလေ့ကျင့်ရေးကွင်းမှာ လုပ်ခဲ့တဲ့ အမျိုးသမီးဗိုလ်လောင်း အမှတ်စဉ် ၁၁ သင်တန်းဆင်းပွဲမှာ အခုလိုပြောခဲ့တာပါ။
ဒါ့အပြင် ယုံကြည်အားကိုးရတဲ့ အမျိုးသမီးစစ်မှုထမ်းတွေကို ကြည်းရေလေအပြင် နေရာအသီးသီးမှာ တာဝန်တွေ ပေးထားကြောင်းနဲ့ စစ်ခေါင်းဆောင် အထပ်ထပ် ပြောဆိုသတိပေးနေတဲ့ တပ်တွင်းတပ်ပြင် စည်းလုံးရေးကိုလည်း အဲဒီပွဲမှာ ထပ်ပြောသွားပါတယ်။
အရွယ်ရောက်တဲ့ အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ကြေညာခဲ့ပြီး လူငယ်တွေကို အဓမ္မစုဆောင်းပြီး စစ်သင်တန်းပေးလာတာ အပတ်စဉ် ၈ အထိ ရှိနေပါပြီ။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၅ မှာ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း တိုင်းဒေသကြီးတချို့က မြို့နယ်တွေမှာ နာမည်စာရင်း ကောက်ခံတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အမျိုးသမီးစစ်မှုထမ်းတွေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
လက်ရှိအချိန်မှာလည်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအများစုမှာ လူငယ်တွေ စစ်သင်တန်းပေးဖို့ အတင်းအဓမ္မ စုဆောင်းခံနေရသလို ညဘက်တွေမှာ ပေါ်တာဆွဲခံရတဲ့ အခြေအနေတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန် ဖြစ်ပါတယ်။
လူပျောက်တိုင်ကြားမှုတွေမှာလည်း လူငယ်အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ပါဝင်လာတာကြောင့် လူငယ်တွေနဲ့ မိဘတွေဟာ စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။