ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ စစ်ကောင်စီလေတပ်က ဒီဇင်ဘာ ၂၃ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သံတွဲမြို့ခံတွေက ပြောပါတယ်။
သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက်နဲ့ သမုတ်ချောင်းကျေးရွာတွေကို စစ်ကောင်စီက နေ့လယ် ၃ နာရီဝန်ကျင်းမှာ ဂျက်ဖိုင်တာ ၂ စီးနဲ့ ဗုံး ၄ ကြိမ် ကြဲချခဲ့တာဖြစ်ပြီး အမှတ် ၄ ရပ်ကွက်က အမျိုးသားတယောက် သေဆုံးခဲ့သလို နောက်ထပ် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သမုတ်ချောင်းကျေးရွာမှာလည်း အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သံတွဲမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီနေ့ နေ့လယ် ၃ နာရီကျော်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုင်တာ ၂ စီးနဲ့ အမှတ် ၄ ရပ်ကွက်နဲ့ သမုတ်ချောင်းကျေးရွာတွေကို တပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ အမှတ် ၄ ရပ်ကွက်က အမျိုးသားတဦးက အခင်းဖြစ်တဲ့နေမှာတင် သေသွားတာ၊ နောက်ထပ် အမျိုးသား တဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ နောက်ထပ် သမုတ်ချောင်းဘက်မှာလည်း အမျိုးသားတဦး ထိခိုက်ခဲ့ပြီးတော့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိခဲ့တဲ့သူတွေ ဆေးကုသမှု ခံယူနေကြရတယ်။”
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အမှတ် ၄ ရပ်ကွက်က ဦးဖိုးကျော် ၄၀ နှစ် ဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေက ဦးသန်းဝင်း၊ ဒေါ်မလုံး၊ ဒေါ်ခင်ခင်နွယ်တို့ ဖြစ်ကာ သမုတ်ချောင်းကျေးရွာက ဒဏ်ရာရရှိသွားသူတွေမှာ ဦးအောင်သိန်းတင်၊ ဒေါ်နွယ်နွယ်၊ ဒေါ်အေးအေးသန်းတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် သံတွဲမြို့ အမှတ် ၄ ရပ်ကွက်က ဓမ္မာရုံတွေနဲ့ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက သံတွဲမြို့ကို တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် မြို့ခံတွေဟာ လေယာဥ်သံကြားရင် ကြောက်လန့်စိတ်တွေနဲ့ ရှင်သန်နေကြရတယ်လို့ သံတွဲမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“သံတွဲမြို့မှာ နေကြတဲ့သူတွေက လေယာဥ်သံကြားရင် လန့်ဖျပ်ပြီး နေကြရတယ်။ ကလေးတွေဆိုရင် စိတ်ဒဏ်ရာတွေ ရနေကြပြီ။ လေယာဥ်သံ ကြားရင် ငိုကြတော့တာပဲ။ စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်လာတဲ့အခါ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်တယ်။”
သံတွဲ့မြို့ကို ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၉ ရက်ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့ပါတယ်။
သံတွဲမြို့ဟာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။