မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KDF) အဖွဲ့ထံက သိရပါတယ်။
မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းမစ်ရှင် ပြုလုပ်ခဲ့ပြီး ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာလို့ KRF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မော်ကွန်းက DVB ကို ပြောပါတယ်။
“တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းဗုံးသီး ၄ လုံး ကြဲချခဲ့တာပါ။ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရပါတယ်။ ကျနော်တို့အနေနဲ့ မက်ဆေ့ချ်ပေးချင်တာက စစ်ကောင်စီဘက်တော်သားတွေကို ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့နဲ့ ဒီနေ့ ထိခိုက်ကျဆုံးမှုမှာ ကိုယ်မပါသေးဘူး ဆိုပေမဲ့ ဒီအတိုင်း စကစကို ဆက်ကာကွယ်နေရင်တော့ မနှေးအမြန် ရောက်လာမှာပါလို့ အသိပေးချင်ပါတယ်။”
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က စစ်တောင်းတံတားမှာ လမ်းတွေ ပိတ်ခဲ့တာကြောင့် သွားလာရေး အခက်အခဲတချို့ ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိတယ် ဆိုတာမဟုတ်မှန်ကြောင်း ရေးသားထားပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KDF)၊ KNLA နဲ့ PDF ၇၈၀၆ တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
မုပ္ပလင်လမ်းဆုံဂိတ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မကြာခဏ တိုက်ခိုက်တာခံရတဲ့ ဂိတ်ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိသလို ခရီးသွားတချို့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။