မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် နဝဒေး ၃ လမ်းမှာ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မနက်က လူငယ် ၅ ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးပြီး စစ်တပ်လက်ထဲကို အပ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“နဝဒေး ၃ လမ်းက ဘိလီယက်ခုံမှာ ဝင်ဖမ်းတာ၊ သူငယ်ချင်းဆီလာတာလို့ ပြောလို့လည်းမရဘူး ရုံးကို ခေါ်သွားတယ်။ အဲ့ကနေ ရဲတွေရော၊ စစ်တပ်ရော ရောက်လာပြီး ခေါ်သွားတယ်” လို့ ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှာ ဒီဇင်ဘာ ၂၂ ရက်က ဗိုလ်မှူးနဲ့ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီးနောက် စစ်တပ်က မှာထားတဲ့အတိုင်း မြိုခံမဟုတ်တဲ့ လူငယ်တွေကို ဖမ်းဆီးတာလို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရွှေပြည်သာ မီချောင်းအိုင်မှာ နေတဲ့သူက ၄ ယောက်၊ ဒညင်းကုန်းစျေးက ၁ ယောက်၊ အုပ်ချုပ်ရေးက စစ်တော့ ဘာမှမဟုတ်ဘူး၊ အဲ့ဒါကို လူကုန်ကူးတဲ့ကောင်တွေဆိုပြီး ရဲက အမှုတင်တော့ စစ်တပ်က စစ်ဆေးမယ်ဆိုပြီး ခေါ်သွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ကိုမင်းအောင်၊ ကိုဇင်မင်းဦး၊ ကိုမျိုး၊ ကိုကျော်သက်၊ ကိုအောင်အောင်ဦးတို့ ဖြစ်ပြီး ၅ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတဆင့် မရမ်းကုန်ရဲစခန်းကို အပ်လိုက်တာလို့ သူကရှင်း ပြပါတယ်။
ရန်ကုန်က မြို့နယ်အချို့မှာ အုပ်ချုပ်ရေးအဖွဲ့က ရဲနဲ့ပူးပေါင်းကာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းကို ပို့ဆောင်နေတဲ့ သတင်းတွေ နေ့စဥ်ဖြစ်ပျက်နေပါတယ်။