Home
မြန်မာသတင်း
စစ်တွေမြို့နယ်၌ စစ်ကောင်စီတပ်နှင့် AA တို့ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်
DVB
·
December 24, 2024

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေကြပြီးတော့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကျေးရွာတွေမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း  စစ်တွေမြို့ခံက ပြောပါတယ်။

“အဓိကတော့ ရွှေမင်းဂံရေတပ်နဲ့ စစ်ကောင်စီနေဗီတွေက ပစ်နေတာ။ AA ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတွေ ရှိတယ်လို့ သိထားရတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ်က ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ရှိတယ်။ စစ်ရေးက တနေ့ထက်တနေ့ ပြင်းထန်လာမယ့် သဘောရှိတယ်။”

လက်ရှိမှာ မြို့အနီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင်း စစ်တွေမြို့တွင်းမှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်စွဲထားတဲ့ တောကန်၊ အမြင့်ကျွန်း၊ ကံကော်ကျွန်း စတဲ့ကျေးရွာဘက်တွေကိုလည်း စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့ အပြန်အလှန် အခြေစိုက် တပ်စွဲထားကြတာဖြစ်ပြီး ရံဖန်ရံခါ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ နပခဌာနချုပ်ကိုလည်း ဆုံးရှုံးထားရပြီ ဖြစ်တာကြောင့် ရေကြောင်းပစ်ကူရှိတဲ့ စစ်တွေမြို့ကို အခိုင်အမာခံစစ်ပြင်ပြီး AA ရဲ့ထိုးစစ်ကို ခုခံလာနိုင်တယ်လို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။

“ရခိုင်မှာ ရှိတဲ့ မြို့နယ် ၃ ခုလောက်ပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာကြောင့် စစ်တွေ မကျဖို့ကို အသည်းအသန် ခုခံမယ်သဘော ရှိတယ်။ နပခနဲ့ မတူတာက စစ်တွေက စစ်ကောင်စီအတွက် ရေကြောင်းပစ်ကူတွေရနိုင်တာကြောင်း တော၊ တောင် မရှိတာ​က တကြောင်း ဖြစ်နေတာကြောင့် တခြား မြို့သိမ်းတိုက်ပွဲတွေထက် AA အတွက်ခက်ခဲမှာ ရှိလာနိုင်တယ်။ ဒါပေမဲ့ စစ်ကောင်စီက သိပ်တောင့်ခံနိုင်စွမ်း ရှိမယ့်ပုံမပေါ်ဘူး။”

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတခုကို AA က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က အတည်ပြုခဲ့ပါတယ်။

ရခိုင်တိုက်ပွဲအတွင်း ၁ နှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ မြို့နယ်အထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024