ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်ကအဓမ္မ ချောဆွဲထားပြီး လိုအပ်တဲ့အချိန် အဆင်သင့်ဖြစ်နေဖို့နဲ့ အလှည့်ကျစနစ်နဲ့ အနည်းဆုံး ၂ စီး ထားပေးရမယ်လို့ စေခိုင်းထားတဲ့ အကြောင်း မြို့ခံတွေက ပြောပါတယ်။
ကျုံပျော်မြို့၊ ဧရာမင်းခန်းမမှာ ဒီဇင်ဘာ ၂၃ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်က မော်တော်ကားပိုင်ဆိုင်သူတွေကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ် အသုံးပြုဖို့ မော်တော်ယာဉ်တွေကို အဆင်သင့်ပြုလုပ်ထားဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးတက်ခဲ့တဲ့ ကျုံပျော်ဒေသခံတယောက်က “မနေ့က ကျုံပျော် ဧရာမင်းခန်းမမှာ အစည်းအဝေးလုပ်တာ အိမ်စီးကား ဟိုင်းလတ် ၂ စီး အလှည့်ကျပေးရမယ်။ ကုန်ကားတွေကို ကုန်မတင်ထားရဘူး။ သူတို့ခေါ်ချိန် အဆင်သင့်ဖြစ်နေရမယ်လို့ စစ်တပ်ကမှာကြားခဲ့တယ်” လို့ ပြောပါတယ်။
အခု လူရောကားကိုပါ ချောဆွဲတဲ့ပုံစံမျိုးဖြစ်ပြီး စစ်ကောင်စီတပ်မှာရှိတဲ့ စစ်ကားတွေကို အသုံးမပြုဘဲ အရပ်ကားတွေကို အသုံးပြုဖို့လုပ်နေကြောင်း ကုန်တင်ယာဥ်တွေကို ကုန်မတင်ပဲ အစဥ်သင့်ထားပေးရမယ်ဆိုတာကြောင့် ကုန်ကားမောင်းတဲ့သူတွေ အလုပ်မရှိဖြစ်နေရပြီလို့ ကုန်ကားယာဥ်မောင်းတယောက်က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးထွက်တိုင်း စစ်ကားတချို့ လမ်းခုလပ်မှာ တိုက်ခိုက်ခံရတာ များနေတာကြောင့် အရပ်ကားတွေအသုံးပြုဖို့ စတင်လုပ်ဆောင်နေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာပြီး ရေကြည်မြို့နယ် မြောက်စမ်းရွာမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၁၃ ယောက်ကို ဂွ-ငသိုင်းချောင်းလမ်းအနီး အခြေစိုက်ထားတဲ့ အမတ - ၃၄၄ အမြောက်တပ်က ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “AA သတင်းပေးတွေဆိုပြီး ဖမ်းတာတဲ့။ အဖမ်းခံရတဲ့သူတွေက ဂွမြို့နယ်ကနေ စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်တွေလို့ သိရတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား အများဆုံးပါတယ်။ စစ်ကား ၂ စီးနဲ့ ဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်ပြီး စစ်ကောင်စီ အမြောက်တပ်ကနေ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူ။
ဒီဇင်ဘာ ၈ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးမှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်အယောက် ၂၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
သြဂုတ်လကလည်း ကျုံပျော်မြို့နယ်မှာ ရခိုင်စစ်ရှောင်တွေကို လက်ခံထားတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်အယောက် ၁၀၀ လောက်ကို ဧည့်စာရင်းအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။