ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် မြေမြှုပ်မိုင်းတွေကို အလွန်အကျွံ သုံးစွဲနေတယ်လို့ ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန်ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့အဆတ်မပြတ် ဗုံးကြဲ တိုက်ခိုက်နေတဲ့အပြင် မြေမြုပ်မိုင်းတွေကို အလွန်အကျွံသုံးစွဲနေပါတယ်။
ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူး ကျော်ဟိန်းက “အရင်ထက်စာရင် အခုက တအားများတယ်။ စပါးစိုက်သလိုပဲ။ တွေ့သမျှအကုန်လိုက်ထောင်တယ်။ တိုက်ပွဲ ၁ ပွဲဖြစ်ပြီးရင် မိုင်းပြန် မဖော်ဘဲ ထားခဲ့တဲ့ မိုင်းကြောင့် ကျနော်တို့ တော်လှန်ရေးသမားတွေ ရွာသူရွာသားတွေ ထိခိုက်ပျက်စီးတာ တော်တော်များတယ်”လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် မြေမြုပ်မိုင်းတွေကို အလွန်အကျွံသုံးစွဲနေတာပါ။
ဒါအပြင် စစ်ကောင်စီတပ်ဘက်က မြေမြိုပ်မိုင်းတွေထာင်းထားပြီး မြေမြုပ်မိုင်းတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်နင်းမိတာတွေရှိတယ်လို့ အောင်ဇေယျစစ်ကြောင်းက နေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အလင်းဝင်တပ်သား ကျော်ထက်အောင်က “မိုင်းသုံးတယ်။ ဒီဘက်(တော်လှန်ရေးတပ်)မ တက်ရဲအောင် သုံးတယ်။ ဘယ်နေရာရောက်ရောက် မိုင်းတွေ ထောင်ထားတယ်လို့တော့ ပြောတယ်။ ကိုယ်မိုင်းကို ပြန်ဖော်ရင်း မိုင်းပြန်နင်းမိတာ ရှိတယ်။ ခြေဖျားတွေ ပြတ်သွားတယ်။ ကျနော်တို့တပ်စိတ်နားက ဆေးတပ်သားဆီ ဆေးလာကူတာကြောင့် သိရတာ”လို့ ပြောပါတယ်။
အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စားနပ်ရိက္ခာ ပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါအပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခံရသူ ၂ ယောက်၊ လက်နက်နဲ့ အလင်းဝင်သူ တယောက်၊ လက်နက်မဲ့ အလင်းဝင်သူ ၈ ယောက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းဆီက သိရပါတယ်။
အောင်ခန့်