Home
မြန်မာသတင်း
စားအုန်းဆီစာအုပ် လုပ်စဉ်က ပေးခဲ့ရသည့် အိမ်ထောင်စုစာရင်းဖြင့် ပေါ်တာဆွဲနေ
DVB
·
December 24, 2024

လူငယ်လူရွယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက် စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့  လူသစ် စုဆောင်းနေတာမှာ စားအုန်းဆီဝယ်ယူခွင့်စာအုပ်တွေ ပြုလုပ်စဉ်က ပေးခဲ့ရတဲ့ အိမ်ထောင်စုစာရင်းတွေနဲ့ပါ ပေါ်တာဆွဲနေလို့ ရန်ကုန်မြို့ခံတွေက စိုးရိမ်မှုမြင့်တက်နေတယ်လို့ ပြောပါတယ်။

စစ်မှုထမ်းခိုင်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ အရင်က မဲနှိုက်ကာ မဲပေါက်သူ‌ကိုသာ ခေါ်ဆောင်ခဲ့ပေမဲ့ အခုအခါ မဲနှိုက်တာတွေမလုပ်တော့ဘဲ စားအုန်းဆီစာအုပ် ပြုလုပ်ချိန်က ပေးခဲ့ရတဲ့ အိမ်ထောင်စုစာရင်းတွေကို ကြည့်ပြီး အသက်ပြည့်မီသူတွေကို စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် ခေါ်ဆောင်နေတာ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတယောက်က “စားအုန်းဆီစာအုပ်ထဲက စာရင်းတွေကြည့်‌ပြီး ရပ်ကွက်ထဲမှာ ဘယ်သူက အသက်ဘယ်လောက်ရှိတယ်။ ကျောင်းသားလား၊ အလုပ်လုပ်နေတာလား ဆိုတာတွေ ကြည့်ပြီး အိမ်အထိ လာခေါ်နေကြတာ။ မဲမနှိုက်တော့ဘူး။ ငွေပေးလည်း မရတော့ဘူး။ ငွေမလိုဘူး၊ လူပဲလိုတယ်လို့ စစ်သားတွေက ပြောတာ”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အခုလထဲ စစ်မှုထမ်းဖို့အတွက် နိုင်ငံအနှံ့က လူငယ်၊ လူရွယ်တွေကို ညဘက်တွေမှာ ပေါ်တာဆွဲတာတွေလည်း ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ညဘက်တွေမှာ လူငယ်တွေဟာ နေအိမ်ပြင်ပကို မထွက်ဝံ့ကြတော့ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွေကလည်း စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာကို အားတက်သရော လုပ်ဆောင်ပေးနေပြီး ဧပြီလနောက်ပိုင်းကစပြီး ရပ်ကွက်တွေအတွင်း ဧည့်စာရင်းအတွက် အိမ်ထောင်စုစာရင်း၊ စားအုန်းဆီစာအုပ်အတွက် အိမ်ထောင်စုစာရင်း၊ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း စတဲ့ စာရင်းအမျိုးမျိုးကိုကောက်ယူထားကြတယ်လို့ ရန်ကုန်မြို့ခံ‌တွေက ပြောပါတယ်။

လှိုင်သာယာမှာ နေထိုင်သူတယောက်က “အခုနောက်ပိုင်း အုပ်ကြီးတွေဆိုတာ စစ်တပ်က လာတဲ့သူတွေလို့တောင် ပြောလို့ရတယ်။ စစ်တပ် ထောက်ခံသူတွေကို သင်တန်းပေးထားတဲ့သူတွေပါ။ စစ်တပ်က လူလိုချင်ရင် လူစုပေးရတယ်။ ပိုက်ဆံလိုချင်ရင် မူးယစ်ဆေးရောင်းတဲ့သူတွေ၊ နှစ်လုံး သုံးလုံး ရောင်းသူတွေ၊ ဆီမှောင်ခိုရောင်းသူတွေ၊ လောင်းကစားဝိုင်းတွေဆီက ဆက်ကြေးကောက်ပြီး ပေးကြတယ်။ အခုဆိုရင် ရပ်ကွက်ထဲက ကောက်ထားတဲ့ စာရင်းတွေထဲမှာ အသက်ပြည့်တဲ့အိမ်ရှိရင် အုပ်ကြီးကိုယ်တိုင် လိုက်ပြပြီး ကားနဲ့ တခါတည်း ခေါ်သွားတာ”လို့ ပြောပါတယ်။

ဒီလို အတင်းအဓမ္မ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းခံနေရတဲ့ အခြေအနေတွေကြောင့် လူငယ်တွေအနေနဲ့ တဖက်နိုင်ငံတွေကို တိမ်းရှောင်လိုကြပေမဲ့ နယ်စပ်ဂိတ်တွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းက လူငယ်တွေကို ဖြတ်သန်းခွင့်ကန့်သတ်ထားတာကြောင့် အခက်တွေ့နေကြရပါတယ်။

ရန်ကုန်မှာ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေသလို တချို့လူငယ်တွေနဲ့ အသက် ၄၀ အထက်အမျိုးသားတွေကို ရပ်ကွက်တွေမှာလည်း တအိမ် တယောက်နှုန်း ကင်းစောင့်ဖို့ ခေါ်ယူနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013