စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေး နေ့ထူးနေ့မြတ်တွေမှာ အကြောက်တရား ရိုက်သွင်းပြီး သတ်ဖြတ်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ NUG သမ္မတရုံးက ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နှစ် ခရစ္စမတ်အကြိုနေ့မှာဖြစ်ခဲ့တဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ မိုဆို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့အကြောင်းလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒါ့အပြင် အခုနှစ် ခရစ္စမတမတိုင်ခင် ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မိုးဗြဲနဲ့ အနီးဝန်းကျင် ဒေသတွေကို စစ်ကောင်စီတပ်တွေက ဓာတုအဆိပ်ငွေ့တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် ၂၇၀ ခန့် သေဆုံး ဒဏ်ရာရရှိခဲ့ပြီး မတရားဖမ်းဆီးခံရတဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း ၂၀၀ နီးပါး ရှိနေပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးက ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ပြောဆိုထားပါတယ်။
ပြောဆိုချက်ထဲမှာ စစ်ကောင်စီက ခရစ်ယာန်ဘုရားကျောင်း ၁၀၀ ခန့် အပါအဝင် ဘာသာရေး အဆောက်အဦးေါင်း ၃၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်း ချမ်းသာကျေးရွာရှိ သမိုင်းဝင် ကက်သလစ် ဘုရားကျောင်း တခုလည်း အပါအဝင်ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေဟာ စစ်ကောင်စီက အကြောက်တရား ပိုမိုရိုက်သွင်းဖို့ ရည်ရွယ်ပြီး ဘာသာရေး နေ့ထူးနေ့မြတ်တွေမှာ ပိုရက်ရက်စက်စက် သတ်ဖြတ်နေခဲ့တာဖြစ်တယ်လို့ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က ဆိုပါတယ်။
NUG က ခရစ်ယာန်ဘာသာဝင်တွေနဲ့ တိုင်းရင်းသား မြန်မာပြည်သူလူထုအားလုံးကို ဒီခရစ္စမတ်ကာလမှာ ဘေးကင်းစေကြောင်း ဆုတောင်းစကားပြောခဲ့ပြီး ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုကို ယူဆောင်နိုင်ပါစေကြောင်းလည်း ပြောခဲ့ပါတယ်။