Home
မြန်မာသတင်း
ကန်ပက်လက်ကို သိမ်းပိုက်ရရှိပြီးနောက် ချင်းတပ်ဖွဲ့များ မြို့လုံခြုံရေးဆောင်ရွက်နေ၊ စစ်သား ၁ ဦး ဂန့်ဂေါပကဖထံ အလင်းဝင်
DVB
·
December 24, 2024
Photo : CDF kanpetlet

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တခုလုံး ချင်းညီနောင်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ အလုံးစုံရောက်ရှိနေပြီး မြို့နယ်လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်တွေကို စနစ်တကျ လည်ပတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ  ထုတ်ပြန်ပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှာ စတင်ဖို့ စီစဉ်ထားချိန် ဒီဇင်ဘာ ၂၁ ရက် ညပိုင်းမှာ ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့တွေအားလုံး ထွက်ပြေးသွားကြလို့ တိုက်ပွဲမဖြစ်ဘဲ မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးမြောက်​သွားတာ ဖြစ်ပါတယ်။

Chin National Defense Force (CNDF) ​ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ကျနော်တို့ ကန်ပက်လက်ကို တိုက်ဖို့ ပြင်ဆင်တာတော့ ကြာပြီ။ ဝင်တိုက်ဖို့ လုပ်နေတုန်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက သူတို့စခန်းကနေ စွန့်ခွာထွက်ပြေးသွားတာပါ။ အဲဒါကြောင့် ကန်ပက်လက်မြို့ကို ကျည်တတောင့်မကုန်ဘဲ သိမ်းပိုက်နိုင်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

CDF ကန်ပက်လက်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လင်းကလည်း “မတူပီ သိမ်းပြီးကတည်းကနေ စပြီးတော့ မင်းတပ်နဲ့ ဖလမ်း စစ်ဆင်ရေးနဲ့ တပြိုင်နက် ကန်ပက်လက်ကို စတင်နိုင်ဖို့အတွက် ကြိုးစားနေတာပေါ့။ ရဲစခန်းလောက်ပဲ ရှိပြီးမှ စစ်အာဏာသိမ်းပြီးမှပဲ တပ်စွဲ နေရာယူထားတာ ဖြစ်တော့ အရမ်းအင်အားမရှိဘူးပေါ့။ တပြိုင်နက်တည်း ၃ မြို့သိမ်းနိုင်ဖို့ အတွက်ကို ပြင်ဆင်ထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ၅ လလောက် သူတို့ လုံးဝမထွက်နိုင်အောင် ပိတ်ဆို့ပြီးတော့မှ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေမျိုးမှာပဲ ကန်ပက်လက်ကနေ သူတို့ ထွက်ပြေးသွားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝ၊ ဆမီး၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မကွီအိမ်နူး၊ မင်းတပ်၊ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့မြို့တွေ အပါအဝင် ချင်းပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ နေရာတွေမှာလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : ဂန့်ဂေါပကဖ

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်သားတယောက် ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံကို လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ ဂန့်ဂေါပကဖက ဒီဇင်ဘာ ၂၃ ရက် ညမှာ ထုတ်ပြန်ပါတယ်။

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၈ က ကိုယ်ပိုင်နံပါတ်- တ/၅၇၁၄၉၅ တပ်သား စစ်ပိုင်ဖြိုး (ခ) ကိုဖြိုးဟာ MA1 သေနတ်တလက်၊ ကျည်အတောင့် ၁၀၀ နဲ့အတူ ဂန့်ဂေါပကဖထံ ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ တပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်ထားပြီး လက်ရှိမှာ လွတ်မြောက်ရာနယ်မြေမှာ ထားရှိထားတယ်လို့ ဂန့်ဂေါပကဖ တာဝန်ရှိသူက ပြောပါတယ်။

“လောလောဆယ်ကတော့ သူ့အနေနဲ့ စဉ်းစားချိန်ရအောင်လို့ မိသားစုဆီမှာ လုံခြုံစိတ်ချရတယ် ဆိုရင် မိသားစုဆီကို ပြန်ပို့ပေးမယ်။ ဒါမှမဟုတ် တော်လှန်ရေးမှာ ထမ်းဆောင်ချင်တယ် ဆိုရင်လည်း ထမ်းဆောင်လို့ရအောင်လို့ လောလောဆယ်ကတော့ စဉ်းစားချိန်လည်းရအောင် အနားပေးထားတဲ့သဘောပါ။”

ဒီဇင်ဘာ ၁၇ ရက်ကလည်း တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နှင့် ရဲတပ်သားတယောက်ဟာ CDF-CDM-Siyin ထံ လက်နက်နဲ့အတူ အလင်းဝင်လာခဲ့ပါသေးတယ်။

နိုဝင်ဘာတလအတွင်းမှာ နိုင်ငံတဝန်း စစ်ကောင်စီဗိုလ်မှူး တယောက် အပါအဝင် တပ်သားနဲ့ ရဲတပ်သား ၃၃ ယောက် ပြည်သူ့ရင်ခွင်ကို အလင်းဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီဇင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013