စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီက ကလေး-တမူးလမ်းမပေါ် နန်းဗဟိုရ်အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် လက်ပံချောင်းရွာ B ရပ်ကွက်က အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးလာရိုခုမ်ရဲ့ ခြေထောက်နဲ့ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက်ကတော့ နှာခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ လက်ပံချောင်းရွာက ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၂ ယောက်လုံး ဆေးကုသမှုခံယူနေကြရတယ်လို့ ဆိုပါတယ်။
လက်ပံချောင်းရွာမှာ အိမ်ခြေ ၂၀၀၀ ကျော်ရှိတယ်လို့ သိရပြီး စစ်ကောင်စီက လက်ပံချောင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် နက်ပိုင်းကလည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် နတ်မြောင်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်နွေးနွေးလှိုင် အပါအဝင် အသက် ၄၀ ကျော်အရွယ် ဒေါ်ဥမ္မာဝင်းနဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်ကြင်စိန်တို့ဟာ ပေါင်၊ လက်၊ ခြေထောက်၊ တင်ပါး၊ လည်ပင်း စတဲ့နေရာတွေမှာ ထိမှန်ဒဏ်ရာရခဲ့ကြတာပါ။
စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့အထိ စစ်ကောင်စီကြောင့် အရပ်သား ၆၀၈၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။