Home
မြန်မာသတင်း
ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး
DVB
·
December 29, 2024
Photo: Popa Production & Guerilla Force

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ ဆက်သွယ်ရေးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Popa Production & Guerilla Force - PPGF (ပုပ္ပားပြောက်ကျားတပ်ဖွဲ့) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပုပ္ပါးတောင်ပေါ်က ဆက်သွယ်ရေးစခန်းမှာ လုံခြုံရေးယူနေတဲ့ စစ်သားတွေကို တိုက်ခဲ့တာပါ။ စစ်သား ၂ ယောက် အရှင်ဖမ်းမိခဲ့ပြီးတော့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ သူတို့ ၂ ယောက်ကို ကျနော်တို့စခန်းဆီ ခေါ်လာတော့လမ်းမှာ ကျနော်တို့ရဲဘော်တွေကို ပြန်ခုခံပြီး ထွက်ပြေးလို့ ပစ်ခတ်လိုက်ရတာ ၂ ယောက်လုံး သေသွားပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းကနေ MA 11 သေနတ် ၁ လက်၊ အူဇီ သေနတ် ၁ လက်နဲ့အတူ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Popa Production & Guerilla Force - PPGF  က ရဲဘော်ဗျတ္တ က “အဲဒီဆက်သွယ်ရေးစခန်းမှာ လုံခြုံရေးယူနေတာက စစ်သား ၃ ယောက်ရှိတယ်။ ကျနော်တို့ ဝင်တိုက်တဲ့အချိန် စစ်သား ၁ ယောက်က တောင်တက်လာကြတဲ့ ပြည်သူတွေကို အကာအကွယ်ယူပြီးတော့ ထွက်ပြေးသွားတယ်။ ပြည်သူတွေ ထိမှာစိုးလို့ သူ့ကိုတော့ လိုက်မပစ်ခဲ့ပါဘူး။ တခြားဆက်သွယ်ရေးဝန်ထမ်းတွေကိုလည်း ဘာမှမလုပ်ခဲ့ပါဘူး။ ကျန်နေတဲ့ စစ်သား ၂ ယောက်ကိုပဲ ဖမ်းခေါ်လာခဲ့ရင်း လမ်းမှာပြန်ခုခံလို့ ညပိုင်းရောက်လာတော့လည်း မပစ်ချင်ဘဲ ပစ်လိုက်ရတာပါ။ ကျနော်တို့အဖွဲ့ရဲ့ အောင်လံလွှင့်မည် စကားဝါမြေဆီ ဆိုတဲ့အတိုင်း အောင်လံလည်း လွှင့်နိုင်ခဲ့ပါပြီ။ ကျနော်တို့ ကမ်ပိန်းလေးမှာလည်း ဆက်ပြီးပါဝင်ပေးကြပါ” လို့ DVB ကို ပြောပါတယ်။

စစ်ရေးအရှိန်မြှင့်လာတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အနီးကပ်မနေကြဖို့အပြင် အရေးကြီးကိစ္စမရှိဘဲ ခရီးသွားလာတာတွေ ရှောင်ရှားကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို Popa Guerilla Force (PGF) တပ်ဖွဲ့နဲ့အတူ ညီနောင်မဟာမိတ်​ဖြစ်တဲ့ Myingyang Black Tiger (MBT) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ပုပ္ပါးမြို့ပေါ်နဲ့ ပုပ္ပါးတောင်ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားသလို ပုပ္ပါးတောင်တက်ခွင့်ကိုလည်း ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013