Home
ရုပ်သံ
ဂွ ကျသွားသဖြင့် စစ်တပ် ကစဉ့်ကလျားဆုတ်ခွာ၊ ရခိုင်သို့ သွားသည့်စစ်ကူများ တိုက်ခိုက်ခံရ
DVB
·
December 29, 2024
Photo: MM

ဂွမြို့မှာရှိနေတဲ့ စစ်ကောင်စီစခန်းအားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပြီး  ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်အတိုက်ခိုက်ခံရလို့ အယောက် ၅၀ ကျော် သေဆုံးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြို့ကို စွန့်လွှတ်လိုက်ရပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေကတော့ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေကြပြီး အာရက္ခတပ်တော်က လိုက်လံရှင်းလင်းနေရတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက DVB ကို ပြောပါတယ်။

“ဂွမြို့ကနေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကျနော်တို့ အာရက္ခတပ်တော်က လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ကူအင်အားတွေထပ်ဖြည့်ပြီး ဂွမြို့အနီးတဝိုက်ကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာတွေ ရှိတဲ့အတွက် တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာရှိပါတယ်။”

စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီးလုပ်ဆောင်နေသလို ရေတပ်ကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်ရှိနေတယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ဂွမြို့ကို သိမ်းပိုက်လိုက်နိုင်တာကြောင့် တပြည်နယ်လုံးမှာ သိမ်းပိုက်ဖို့ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ မာန်အောင်မြို့နယ်တို့ပဲ ကျန်ရှိပြီး စစ်ရေးအရ အသာစီး ရယူထားနိုင်ပြီဖြစ်တဲ့ အာရက္ခတပ်တော်က နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ အသင့်ရှိတယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အယောက် ၅၀ ကျော် သေဆုံးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနက်အစောပိုင်းက ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ဂွ- ငသိုင်းချောင်း ကားလမ်း ဝတိန်ကျေးရွာအနီးမှာ ဂွမြို့တိုက်ပွဲကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “စစ်ကူစစ်ကြောင်း ဖြတ်တိုက်ခံရတာမှန်တယ်။ အားလုံး အယောက် ၅၀ ကျော်ဆိုတာ သိရတယ်။ ဘယ်လောက် သေတယ်၊ ဘယ်လောက် ဒဏ်ရာရတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

အဲ့ဒီ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ အဓမ္မစုဆောင်းခံထားရတဲ့ တပ်သားသစ်တွေ ပါပြီး အင်အား ၂၀၀ ကျော်နဲ့ စစ်ကူထွက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်အတိုက်ခံရပြီးနောက် ဝတိန်ကျေးရွာနဲ့ မြင့်ဟန်စေတီအကြားကို ရေကြည်မြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ ၃၄၄ ပစ်ကူပေးပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ရခိုင်ပြည်နယ် ဂွမြို့ကို စစ်ကူပို့ခံရတဲ့ ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃ ၊ ခလရ ၅၁ နဲ့ ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ  ၅၃၂ တပ်က  စစ်ကောင်စီတပ်သားအင်အား ၂၀၀ နီးပါး ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ ကမ်းခြေအနီးနဲ့ကင်းပုံကျေးရွာအနီးမှာ ကြားဖြတ်အတိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား  ၁၀၀ ကျော် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013