ရခိုင်ဒေသကို အကျိုးပြုနိုင်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးသွားမှာဖြစ်ပြီး အကျိုးတူပူးပေါင်းဖို့ လိုလားတယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၃ ခုကလွဲပြီး ကျန်ရှိမြို့နယ် ၁၄ ခုလုံးကို ထိန်းချုပ်ပြီးနောက်ပိုင်း အာရက္ခတပ်တော် (AA) က အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာတော့ အမေရိကန်ဒေါ်လာ သန်းပေါင်းသောင်းချီတဲ့ တရုတ်စီမံကိန်း ၁၀ ခုရှိနေပြီး လက်ရှိမှာ AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီစီမံကိန်းတွေထဲမှာ မန္တလေး-ကျောက်ဖြူရထားလမ်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းတို့ဟာ ကြီးမားတဲ့ စီမံကိန်းတွေဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံမှုတွေ ရှိထားကြောင်း ISP ရဲ့ လေ့လာချက်အရ သိရပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်ထဲမှာ တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုပပျောက်ရေး၊ အွန်လိုင်းလောင်းကစား ကျားဖြန့်တိုက်ဖျက်ရေး စတာတွေကို ကိုးကန့်၊ တအာင်းအဖွဲ့တွေနဲ့ ပူပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ပါရှိပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကိုလည်း စစ်ရေးနဲ့ဖြေရှင်းတာထက် နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ကလည်း မြန်မာနိုင်ငံတွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးမယ်လို့ ပြီးခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ကတိပေးပြောကြားထားပါတယ်။