မလေးရှားနိုင်ငံဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တရားဝင် တာဝန်ယူမှာဖြစ်လို့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ယုံကြည်ချက်ရှိနေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထုတ်ပြောပါတယ်။
မလေးရှားဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ရှေ့တန်းတင်ပြီး အားလုံးပါဝင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ဖော်ဆောင်ပေးမယ်လို့ အစောပိုင်းမှာ ပြောခဲ့တာပါ။
မလေးရှားဝန်ကြီးချုပ် အန်နဝါက အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ ဒေသတွင်း စည်းလုံးညီညွတ်မှု အားကောင်းစေဖို့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ တရုတ်မြို့တော် ပေကျင်းမှာ CCTV ရုပ်သံဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောခဲ့ပါတယ်။
“အာဆီယံအတွက် ကျနော်တို့ရဲ့ အာရုံစူးစိုက်မှုထဲမှာ ပိုမရေရာတဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာတောင် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံတွေကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်မှာပါ” လို့ အန်နဝါက ပြောပါတယ်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTA) အဆင့် မြှင့်တင်ရေး ညှိနှိုင်းမှု Version 3.0 ရဲ့ နိဂုံးချုပ် ကြေညာချက်ကို တရုတ်နဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အကာအကွယ်ပေးရေးဝါဒ အရှိန်မြင့်တက်လာချိန်မှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ အခိုင်မာဆုံး FTA တွေထဲက တခုအတွက် လမ်းခင်းပေးဖို့ မျှော်လင့်ထားပါတယ်။
တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ် လက်မှတ်ရေးထိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ အန်နဝါက ပြောပါတယ်။
လုပ်ငန်းစဉ်တွေ အရှိန်အဟုန်မြှင့်ဖို့သာမကဘဲ လိုအပ်တာမှန်သမျှ ဆောင်ရွက်ပေးသွားမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source : Reuters