တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယဒ် အာဘတ်စ် အာရဂူချီနဲ့ တရုတ်မြို့တော် ပေကျင်းမှာ ဒီဇင်ဘာ ၂၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ဘုံစိုးရိမ်စရာ နိုင်ငံတကာပြဿနာတွေ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းအခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး နယ်ပယ်အသီးသီးမှာ တရုတ်-အီရန် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ လက်ရှိအခြေအနေအပေါ် အမြင်ချင်း ဖလှယ်ရာမှာ အရှေ့အလယ်ပိုင်းဟာ ပြည်သူတွေနဲ့သက်ဆိုင်ပြီး ဩဇာပြိုင်ဆိုင်မှုတွေအတွက် ကစားကွင်း၊ ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုနဲ့ ဒေသတွင်းပြင်ပနိုင်ငံတွေရဲ့ ပဋိပက္ခတွေရဲ့သားကောင် မဖြစ်သင့်ဘူးလို့၊ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်။
ဒေသတွင်း အရေးအကြီးဆုံး ဦးစားပေးလုပ်ရမယ့်အရာက အပစ်အခတ်ရပ်စဲရေးနဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေးပဲလို့ ဝမ်ယိက ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျှော့ချရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ စေ့စပ်ညှိနှိုင်းတာတွေ ပြန်လည်စတင်ရေးတို့က ထိပ်တန်းဦးစားပေး လုပ်ငန်းပဲလို့လည်း ဝမ်ယိက မှတ်ချက်ပြုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းအတွက် မိတ်ဆွေကောင်းနဲ့ မိတ်ဖက်ကောင်းတဦးအနေနဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကို လွတ်လွတ်လပ်လပ် ရှာရာမှာ တရုတ်နိုင်ငံဟာ ဒေသတွင်း ပြည်သူတွေကို ဆက်လက်ပံ့ပိုး ကူညီသွားမယ်လို့ ဝမ်ယိက အလေးပေးပြောကြားခဲ့ပါတယ်။
Source: Reuters