Home
မြန်မာသတင်း
Venucia  တရုတ်လျှပ်စစ်တက္ကစီကားများ မြန်မာနိုင်ငံသို့ စတင် တင်ပို့
DVB
·
December 24, 2024
Photo: Dongfeng Motor

တရုတ်နိုင်ငံထုတ် Venucia အမှတ်တံဆိပ် လျှပ်စစ်တက္ကစီကားတွေကို ပထမအသုတ်အနေနဲ့ ဒီဇင်ဘာ ၁၇ ရက်က မြန်မာနိုင်ငံကို တင်ပို့ပေးနိုင်ခဲ့တယ်လို့ Dongfeng Nissan ကားကုမ္ပဏီရဲ့ ပြောကြားချက်ကို ကိုးကားပြီး Gasgoo တရုတ်မော်တော်ကား သတင်းဝက်ဆိုက်မှာ ဖော်ပြပါတယ်။

ကနဦးအစီအစဉ်အရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထုတ် Venucia လျှပ်စစ်ကား အစီးရေ ၅၀၀ ဝယ်ယူသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ကားအစီးရေအားလုံး တင်ပို့ပြီးစီးနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း Dongfeng Nissan ကားကုမ္ပဏီက WeChat လူမှုမီဒီယာမှာ မကြာသေးခင်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် လျှပ်စစ်တက္ကစီကားမှာယူမှုဟာ မြန်မာနိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသွင်ကူးပြောင်းမှုအတွက် အရေးပါတဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းတွေအရတော့ မြန်မာနိုင်ငံဟာ လောင်စာဆီသုံး အငှားယာဉ်တွေနေရာမှာ လျှပ်စစ်သုံးယာဉ် (EV) တွေနဲ့ အစားထိုးသွားဖို့ စီစဉ်ထားပြီး ရန်ကုန်မြို့ တမြို့တည်းမှာတင် EV ကားလိုအပ်ချက်က အစီးရေ ၆၀,၀၀၀ အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်စီးတီးတက္ကစီအသင်းကလည်း Venucia VX6 အမျိုးအစား EV ကားတွေကို မျက်စိကျနေပြီး Dongfeng Nissan နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

တရုတ်ကားကုမ္ပဏီ Dongfeng နဲ့ ဂျပန်ကားကုမ္ပဏီ Nissan တို့ ပူးပေါင်းထားတဲ့ တရုတ်-ဂျပန် ဖက်စပ်ကားကုမ္ပဏီ Dongfeng Nissan ဟာ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကားဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပြီး Venucia ကားမော်ဒယ် ၂ မျိုးကို အရှေ့အလယ်ပိုင်းဒေသ ကားဈေးကွက်အတွက် အထူးသီးသန့် ထုတ်လုပ်ထားပါတယ်။

ဒါ့အပြင် တခြား Venucia ကားမော်ဒယ် ၄ မျိုးကိုတော့ နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်ဖို့ ရည်မှန်းထားပြီး နိုင်ငံတကာက ဖောက်သည်တွေအတွက် အာမခံစနစ်နဲ့ ဝယ်ပြီးနောက်ပိုင်း ဝန်ဆောင်မှု after-sales service တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Source: Gasgoo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013