Home
နိုင်ငံတကာ
ပနားမားတူးမြောင်းကို ပြန်သိမ်းမည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
December 23, 2024
Photo : Reuters

တရုတ်ကို တိုက်ရိုက်မရည်ညွှန်းဘဲ ပနားမားတူးမြောင်းကို ‘မလိုသူလက်ထဲ’ မရောက်ရအောင် ပြန်သိမ်းရမယ်လို့ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်လိုက်ပါတယ်။

ဗဟိုအမေရိကမှာရှိတဲ့ အဓိကရေကြောင်းဖြတ်လမ်းအတွက် အခကြေးငွေ အလွန်အမင်း ကောက်ခံနေတယ်လို့ပါ ထရမ့်ပ်က ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အရီဇိုးနားမှာ မိန့်ခွန်းပြောတဲ့အချိန် အခုလို ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲအပြီး ထရမ့်ပ်က တူးမြောင်းအပေါ် အမေရိကန်အလံလွှမ်းနေတဲ့ပုံကို သူ့ရဲ့ လူမှုကွန်ရက် Truth Social မှာ တင်ခဲ့ပြီး “အမေရိကန်ပြည်ထောင်စုတူးမြောင်းက ကြိုဆိုပါတယ်” လို့ပါ ရေးသားခဲ့ပါတယ်။

ဒါဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုရဲ့ နယ်မြေကို လက်လွှဲယူမယ်လို့ အမေရိကန် ခေါင်းဆောင်တယောက်က ရှားရှားပါးပါး ပြောကြားချက်လည်း ဖြစ်ပါတယ်။

ပနားမားသမ္မတ ဟိုဆေးရာအူးလ် မူလီနိုက ပနားမားနိုင်ငံရဲ့ လွတ်လပ်ရေးဟာ ညှိနှိုင်းလို့ရတဲ့ ကိစ္စမဟုတ်သလို တူးမြောင်းအုပ်ချုပ်ရေးမှာ တရုတ်က ဩဇာလွှမ်းမိုးမှုမရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်က ပနားမားတူးမြောင်းကို ထိန်းချုပ်၊ အုပ်ချုပ်ထားခြင်း မရှိပေမဲ့ ဟောင်ကောင်အခြေစိုက် CK Hutchison Holdings ကုမ္ပဏီရဲ့ လက်ခွဲလုပ်ငန်းတခုက တူးမြောင်းရဲ့ ကာရေဘီယံနဲ့ ပစိဖိတ် ဝင်ပေါက်မှာရှိတဲ့ ဆိပ်ကမ်း ၂ ခုကို စီမံနေတာဖြစ်ပါတယ်။

ဒီတူးမြောင်းကို အမေရိကန်က အဓိကတည်ဆောက်ခဲ့တာဖြစ်ပြီး တူးမြောင်းပတ်ပတ်လည် နယ်နိမိတ်ကိုပါ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၇၇ သဘောတူညီချက်အရ ပနားမားအစိုးရ ထိန်းချုပ်မှုအောက် ပြန်လွှဲပေးဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

နှစ်နိုင်ငံပူးတွဲစီမံတဲ့ကာလအပြီး ၁၉၉၉ မှာ ပနားမားလက်ထဲ အလုံးစုံလွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ပနားမားတူးမြောင်းရဲ့ စတုရန်းမီတာတိုင်းကို ပနားမားကပိုင်သလို ဆက်လက်ပိုင်ဆိုင်သွားမယ်လို့ သမ္မတ မူလိုနီက လူမှုကွန်ရက်  X  မှာ ရေးသားခဲ့ပါတယ်။ ထရမ့်ပ်ကလည်း ကြည့်ကြသေးတာပေါ့လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပနားမားတူးမြောင်းကနေ နှစ်စဉ် သင်္ဘောအစီးရေ ၁၄,၀၀၀ အထိ ဖြတ်သန်းပြီး ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

အာရှကနေ ကားတွေနဲ့ ကုန်စည်တွေ ကွန်တိန်နာသင်္ဘောတွေနဲ့ အမေရိကန်ကို တင်သွင်းရာမှာ အရေးပါသလို ဓာတ်ငွေ့ရည်လိုမျိုး အမေရိကန်က ပြန်တင်ပို့တာတွေ ဖြတ်သန်းရာမှာလည်း အရေးပါတဲ့နေရာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013