အမေရိကန်နိုင်ငံသားတယောက်ဟာ ပြည်တွင်းမှာ တရုတ်အစိုးရကိုယ်စား လျှို့ဝှက်ရဲစခန်း ဖွင့်လှစ်ခဲ့တဲ့ အမှုအတွက် အပြစ်ရှိတယ်ဆိုပြီး ဝန်ခံလိုက်ပါတယ်။
အခုလိုမျိုး ပထမဆုံးဖော်ထုတ်နိုင်ခဲ့တဲ့ လျှို့ဝှက်ရဲစခန်းဟာ မန်ဟတ်တန် လူကုံထံရပ်ကွက်ရဲ့ တရုတ်တန်းမှာတည်ရှိပြီး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန MPS အတွက် လုပ်ငန်းလည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းက ၅၃ နိုင်ငံမှာလည်း ဒါမျိုးစခန်းပေါင်း ၁၀၀ ထက်မနည်းကို ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ ပြည်ပမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ဖိအားပေး ခြိမ်းခြောက်ဖို့အတွက် ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
တရုတ်နိုင်ငံဘက်ကလည်း “လျှို့ဝှက်ရဲစခန်း” ဆိုတာမျိုး မရှိကြောင်းနဲ့ အခြေခံဝန်ဆောင်မှုပေးတဲ့ နေရာတွေသာ ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
အမေရိကန်တရားရေးဌာန လက်ထောက်ရှေ့နေချုပ် မက်သယူး အိုလ်ဆင်က “ဒါဟာ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအတွက်ပါ အန္တရာယ်ရှိတာကြောင့် လုံးဝလက်ခံမှာမဟုတ်ပါဘူး” လို့ မှတ်ချက်ပေးပါတယ်။
၂၀၂၂ အစောပိုင်းတုန်းက ဖွင့်လှစ်လုပ်ကိုင်ခဲ့တဲ့စခန်းကို FBI အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆောင်းဦးကာလမှာတင် ပိတ်သိမ်းပစ်ခဲ့ပါတယ်။
တရုတ် လျှို့ဝှက်ရဲစခန်း ဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ ချန်ကျင်းပင်နဲ့ လူကျန်းဝမ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဖမ်းဆီးရမိခဲ့တာပါ။
အသက် ၆၀ ရှိပြီဖြစ်တဲ့ ချန်ဟာ တရုတ်အေးဂျင့်အဖြစ် ဆောင်ရွက်ဖို့ ကြံစည်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အတွက် ထောင်ဒဏ် ၅ နှစ်သာ ကျခံရနိုင်ပါတယ်။
အသက် ၅၉ နှစ်အရွယ် လူ ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားတဲ့အပြင် တရားရုံးစစ်ဆေးမှုကိုပါ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
ဒီလျှို့ဝှက်ရဲစခန်းတွေဟာ တရုတ်ကွန်မြူနီပါတီအပေါ် ဆန့်ကျင်ဝေဖန်သူတွေနဲ့ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေကို အတည်ပြု စောင့်ကြည့်တာမျိုး ပြုလုပ်ခဲ့တယ်ဆိုပြီး ဖက်ဒရယ်အာဏာပိုင်တွေက အတည်ပြုပါတယ်။
Source : Reuters