တရုတ်နိုင်ငံက ဦးဆောင်ပြီး ဆွေးနွေးနေတဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ဆက်လက်ဆွေးနွေးနေပါတယ်။
စစ်ကောင်စီဘက်ကတော့ ကိုးကန့်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့အပြင် ဖမ်းဆီးထားတဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေ ပြန်လွှတ်ပေးရေးကို ဆွေးနွေးနေတယ်လို့ အဲဒီဆွေးနွေးပွဲအကြောင်း သိရှိတဲ့ DVB ရဲ့ သတင်းအရင်းအမြစ်က ပြောပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်ကို ရရှိထားခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရှိနေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကလည်း တရုတ်နယ်စပ်တလျှောက်မှာ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သီးသန့်စီ ခေါ်ယူတွေ့ဆုံမှုတွေကို လုပ်ဆောင်နေပါတယ်။
ကိုးကန့်တပ်ဖွဲ့နဲ့ တွေ့ဆုံမှုပြီးရင် ကျန်မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ AA အဖွဲ့တို့ကို ထပ်မံဆွေးနွေးဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။
TNLA ဘက်ကတော့ သူတို့အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိ၊ မရှိဆိုတာက ကိုးကန့်အဖွဲ့နဲ့ တွေ့ဆုံမှု ပြီးဆုံးမှသာ သိနိုင်မယ်လို့ TNLA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သလို အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။