ရန်ကုန်မြို့မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေရှိနေတယ်ဆိုတဲ့ သတင်းကြောင့် အလုပ်ဆင်းချိန်နောက်ကျတဲ့ အလုပ်သမားတွေနဲ့ မိဘတွေ စိုးရိမ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီသတင်းဖြစ်ရပ်တွေကြောင့် ညနောက်ကျမှ အလုပ်ဆင်းရပြီး အိမ်ပြန်ရတဲ့သူတွေမှာ စိုးရိမ်စိတ်တွေရှိနေပြီး အလုပ်စောဆင်းခွင့်ရဖို့ ဆန္ဒရှိနေကြတယ်လို့ အလုပ်သမားအချို့က ဆိုပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အိုင်တီပစ္စည်းအရောင်းဆိုင်မှာ လုပ်ကိုင်နေသူတယောက်က “ပေါ်တာတွေ ပြန်ဆွဲနေတယ်ဆိုတော့ အိမ်ကလည်းစိတ်ပူတယ်။ ကိုယ်တွေလည်း စိတ်တထင့်ထင့်နဲ့ပေါ့။ ဆိုင်ကညအထိ ဖွင့်တာဆိုတော့ အပြန်က နောက်ကျတယ်။ အခြေအနေအရ စောစောပြန်ရအောင် အထက်လူကြီးကိုတော့ ပြောထားတယ်” လို့ ပြောပါတယ်။
အချိန်ပိုဆင်းရလို့ ညမိုးချုပ်မှပြန်ရတဲ့ စက်ရုံလုပ်သားတွေအနေနဲ့လည်း ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေရပေမဲ့ မဆင်းမဖြစ်ဆင်းနေကြရတယ်လို့ အလုပ်သမားအချို့က ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားယောက်က “စက်ရုံကနေအိမ်ကို ကိုးနာရီ၊ ဆယ်နာရီလောက်မှ ပြန်ရောက်တော့ လမ်းမှာ ဖမ်းတာ၊ ပြုတာကို ကြောက်နေရတယ်။ အရပ်ထဲမှာလည်း အချင်းချင်းသတိပေးနေကြတယ်။ အချိန်ပိုက မဆင်းလို့မရတော့ ဘယ်တတ်နိုင်မလဲ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ညဘက်လမ်းမှာတွေ့သူတွေကို ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းကြောင့်လည်း ည ၈ နာရီလောက်မှာ အသွားအလာ ပြန်နည်းသွားတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
စစ်ကောင်စီက စစ်သားအင်အား လိုအပ်ချက်ရှိလာတာကြောင့် ဒီနှစ်ဆန်းပိုင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး အသုတ်လိုက်စစ်မှုထမ်း ဆင့်ခေါ်တာတွေ လုပ်နေသလို ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ဖြစ်ရပ်တွေရှိလာနေတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းစစ်ဒေသ စစ်ရေးတာဝန်ခံ ဒီငြိမ်းလင်းကလည်း ရန်ကုန်မှာပေါ်တာဆွဲတဲ့ ဖြစ်ရပ်တွေရှိနေလို့ ညအပြင်ထွက်တာဆင်ခြင်ဖို့နဲ့ ဒီရက်ပိုင်း ဖမ်းဆီးရမိသူ ၈၀ ရာခိုင်နှုန်းက တပ်သားအသစ်တွေ ဖြစ်တယ်လို့ အသိပေးထားပါတယ်။