Home
မြန်မာသတင်း
ပြည်ပကို လုပ်သားစေလွှတ်ခွင့်ကန့်သတ်ရန် ညွှန်ကြားခြင်းမရှိဟု အေဂျင်စီများပြော
DVB
·
December 15, 2024

စစ်ကောင်စီက ပြည်ပကို ကျွမ်းကျင်လုပ်သားတွေပဲ ထွက်ခွာခွင့်ပေးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တရားဝင် အသိပေး ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတချို့က ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင် တယောက်က “သတင်းတွေထွက်နေလို့ ဌာနကို စုံစမ်းကြည့်တော့ အဖြေရေရေရာရာ မရဘူး။ ဒါမျိုးက ကြိုအသိပေးရတာဆိုတော့ လက်တလော မဖြစ်နိုင်သေးဘူးလို့ ယူဆရတာပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပကိုအလုပ်သမားတွေ အလုံးအရင်းနဲ့ထွက်ခွာနေတာကြောင့် ပြည်တွင်းမှာ လုပ်သားအင်အားစုတွေဆုံးရှုံးနိုင်လို့ အခြေခံအလုပ်အကိုင်နဲ့ သွားရောက်တာခွင့်မပြုတော့ဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။

အဲဒီလို ကန့်သတ်ထိန်းချုပ်မယ့်ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ ညှိနှိုင်းနေတာဖြစ်ပြီး အချိန်ပေးဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနက တောင်းဆိုထားတာကြောင့် လတ်တလော အကောင်အထည်မဖော်သေးတာ လို့လည်း သတင်းထွက်နေပြီး သီးခြားအတည်မပြုရသေးပါဘူး။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “အဲဒီလိုသာ ထပ်ပိတ်ရင် အေဂျင်စီတွေပါ အလုပ်ရပ်ကုန်မှာ။ အခု ပြည်ပကို လွှတ်နေတာက အထွေထွေလုပ်သား အများစုလေ။ ကျွမ်းကျင်ပဲ လွှတ်ရတော့မယ်ဆိုရင် ဘယ်ဆက်လုပ်လို့ရတော့မှာလဲ” လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အသက် ၂၃ နှစ်ကနေ ၃၂ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ထားသလို  ပြည်ပထွက် သွားရောက် လုပ်ကိုင်သူတွေကို အလုပ်စာချုပ်သက်တမ်းပြည့်ရင် စစ်မှုထမ်းဖို့ ပြန်လာရမယ် ဆိုပြီး သဘောတူ လက်မှတ်ရေးထိုးခိုင်းတာမျိုးတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013