အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ မည်သည့်ကိစ္စမဆို စက်ရုံအတွင်းမှာပဲ ညှိနိူင်းဖြေရှင်း ဆောင်ရွက်ဖို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး လုပ်ငန်းခွင်ဆက်ဆံရေးအခြေအနေနဲ့ပတ်သက်လို့ သူက ပြောသွားတာပါ။
ဦးမြင့်နောင်က “မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း" ပြောကြားခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီပြောကြားချက်မှာ အလုပ်သမားတွေ ရပိုင်ခွင့်တွေအတွက် လမ်းပေါ်ထွက် တောင်းဆိုတာ မလုပ်ဖို့ သွယ်ဝိုက်သတိပေးရာရောက်တယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “လုပ်ငန်းခွင်ပြဿနာ ဖြစ်နေလည်း လမ်းပေါ်ထွက် တောင်းဆိုတာ မလုပ်နဲ့ဆိုတဲ့ သဘောပဲ။ စက်ရုံထဲမှာပဲ ဖြေရှင်းဆိုတော့ သက်ဆိုင်ရာ အလုပ်သမားရုံးတွေက ဘာလုပ်ဖို့ ထားထားတာလဲ” လို့ ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ ဆုံးရှုံးနေတဲ့ ရပိုင်ခွင့်တွေအတွက် စက်ရုံပြင်ပမှာ တောင်းဆိုတဲ့ ဖြစ်ရပ်တွေ ရှိရင်လည်း စစ်တပ်နဲ့ရဲတွေရောက်လာပြီး ခြိမ်းခြောက်တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီလို ကိုယ်တိုင်ကြုံရတဲ့ Yangon Nadia Pacific စက်ရုံလုပ်သားတယောက်က “ကိုယ်တွေတုန်းက စက်ရုံကနေ အလုပ်ထုတ်လိုက်လို့ စက်ရုံပြင်ပကနေ ညှိနိူင်းရေး ပြောနေချိန်မှာ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အထဲပြန်ဝင်ခိုင်းတယ်။ သူတို့က လမ်းပေါ်မှာ လူစုလူဝေးကို မမြင်ချင်တဲ့သဘော။ ပြီးတော့လည်း အဲဒီအလုပ်သမားတွေအကုန် အလုပ်ထုတ်ခံရတာပဲ” လို့ ပြောပါတယ်။
အဲဒီသုံးပွင့်ဆိုင်အစည်းအဝေးမှာ ဦးမြင့်နောင်က စက်ရုံ၊ အလုပ်ရုံတွေက လုပ်သားအင်အား လျှော့ချတာ၊ ပိတ်သိမ်းတာတွေရှိရင် အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ အကျိုးစီးပွားတွေ နစ်နာမှာဖြစ်သလို နိုင်ငံတော်ရဲ့ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်တာကြောင့် စက်ရုံတွေ မပိတ်ဖို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။