Home
မြန်မာသတင်း
ဆိတ်သားတပိဿာ ကျပ် ၃၂၀၀၀ ထက်ပိုမရောင်းရန် သတ်မှတ်
DVB
·
December 10, 2024

မြန်မာပြည်တွင်းက လက်လီဆိုင်တွေကို  ဆိတ်သားတပိဿာ ကျပ် ၃၂၀၀၀ ထက် ပိုမရောင်းဖို့ စစ်ကောင်စီလက်အောက်ခံ သားသတ်ဌာနက ပြောဆိုထားပြီး လမ်းခရီးဂိတ်ကြေး အဆမတန်များပြားလို့ အရှုံးပေါ်နေတယ်လို့ ဆိတ်သားသတ်လိုင်စင်သမားတွေက ပြောပါတယ်။

ဆန်အပါအဝင် ကြက်ဥ၊ ကြက်သားတွေအပြင် ဆိတ်သားဈေးတွေကိုလည်း စစ်ကောင်စီက အသားတပိဿာ ကျပ် ၃၂၀၀၀ နဲ့ အရိုးအသားတပိဿာ ကျပ် ၂၂၀၀၀ ကနေ ပိုမရောင်းဖို့ လက်လီဆိုင်တွေကို သတ်မှတ်ပေးထားပြီး အဲ့ဒီထက်ပိုပြီးရောင်းချလာရင် ဆိုင်ခန်းပိတ်သိမ်းပြီး အရေးယူသွားမယ်ဆိုပြီး သားသတ်ဌာနက ညွှန်ကြားထားပါ။

ဆိတ်သတ်လိုင်စင်ရယူထားသူအမျိုးသမီးတယောက်က “အရိုးသား ၂၂၀၀၀၊ ပေါင်သားလက်သား အသားချည်းပဲက  ၃၂၀၀၀၊ အဲ့လိုသတ်မှတ်တယ်။ အဲ့ထက်ပိုရင်ဖမ်းမှာ။ စည်ပင်ဖမ်းမှာပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့ စည်ပင်ကို ပိုက်ဆံကောက်တဲ့သူ လိုက်ကြည့်မှာပေါ့။ နင်တို့ ဘယ်ဈေးရောင်းလဲ၊ ဘာလဲ။ မကျေနပ်လို့ ထွက်လာလို့ ဈေးကြီးရင် စည်ပင်ရုံးသွားတိုင်မယ်။ ဈေးကောက်တိုင်မယ်။ တိုင်လို့ရတယ်။ သတ်မှတ်ထားတယ်”လို့ ပြောပါတယ်။

အဲ့ဒီလိုသတ်မှတ်ထားပြီး အများပြည်သူကို ထုတ်ပြန်ထားခြင်းမရှိသေးပေမဲ့ ဈေးတွေမှာတော့ ဆိတ်သား တပိဿာကျပ် ၃၂၀၀၀ နဲ့ အရိုးသားကိုတော့ ၃ ဆလောက်ခွဲထားပြီး ကျပ် ၂၀၀၀၀၊ ၂၃၀၀၀ နဲ့  ၂၅၀၀၀ အထိ အရည်အသွေးခွဲထားပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ သားသတ်ဌာနကိုတင်သွင်းလာတဲ့ ဆိတ်ကောင်ရေတွေက ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာစတဲ့ မြို့နယ်တွေကဖြစ်ပြီး လမ်းခရီးတလျှောက် တားမြစ်ထားတဲ့ ဂိတ်အသီးသီးက တရားမဝင် ငွေတောင်းခံတာတွေ အရင်ကထက် အဆမတန်များပြားလာတဲ့အတွက် ဆိတ်သားထုတ်လုပ်တဲ့ အရင်းနှီးတွေများလာပါတယ်။ 

ဒါကြောင့် ဆိတ်သားဈေးတွေကို ဈေးတင်မရောင်းဖို့ပြောထားပေမဲ့ ဂိတ်ကြေးတွေကြောင့် ဆိတ်ဈေးတွေတက်လာတဲ့အခါ ဆိတ်သားထုတ်လုပ်တဲ့ လိုင်စင်သမားတွေမှာ ဆိတ်အကောင် ၂၀၀ လောက်ပါဝင်တဲ့ ကားတစီးကို သိန်း ၆၀ လောက် ရင်းနှီးစိုက်ထုတ်ထားရပေမဲ့ အခုနောက်ပိုင်းမှာ တခေါက်ကို ကျပ် ၁၀ သိန်းလောက်က ပုံမှန်နီးပါး ဆုံးရှံးလာတယ်လို့ ဆိုပါတယ်။

ဆိတ်သားထုတ်လုပ်တဲ့ လိုင်စင်သမားတယောက်က “ပုံမှန်ဝယ်လို့မရဘူး။ လမ်းကြေးတွေများတယ်။ ဘယ်သူမှ ပြောမယ့်လူမရှိဘူး။ ၅၀၀၀ တောင်းတဲ့နေရာမှာ ၂၀၀၀၀ လောက်တောင်းလို့ သုံးသောင်းလို့တောင်း။ ၁ သိန်းတောင်းတဲ့ နေရာက ၃ သိန်းလောက် တောင်းလိုတောင်း။ လမ်းကြေးချည်းပဲ သိန်း အစိတ်သုံးဆယ်လောက်ပေး နေရတယ်။ ကားခမပါဘူး။ အဲ့ဒါတွေဈေးတက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဆိတ်သားအပြင် ဆန်နဲ့ကြက်ဥ၊ ကြက်သားထုတ်လုပ်သူတွေကိုလည်း ဈေးလျှော့ရောင်းခိုင်းပြီး ဈေးပိုရောင်းတဲ့ ဆန်ရောင်းသူတွေကို ဖမ်းဆီးထောင်ချနေတာပါ။ 

ကြက်ဥ၊ ကြက်သားထုတ်လုပ်သူတွေကိုလည်း ထုတ်ပြန်တဲ့ ဈေးအတိုင်း ရောင်းဖို့နဲ့ ထုတ်ပြန်ထားတဲ့အတိုင်း မရောင်းချဘဲ ဈေးပိုရောင်းချခဲ့ရင် ဖမ်းဆီးထောင်ချ အရေးယူဆောင်ရွက်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေရှိပါတယ်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ အရင်းနှီး၊ အမြတ်ငွေနဲ့ ဈေးကွက်သဘောတရားအတိုင်း လည်ပတ်ကြတာ ဖြစ်ပေမဲ့ သွင်းအားစုတွေကို ထိန်းချုပ်နိုင်တာမရှိဘဲ ထုတ်ကုန်တွေကိုသာ သတ်မှတ်ဈေးနဲ့ ရောင်းချခိုင်းတဲ့အတွက် ဆန်အပါအဝင် တ ခြားစားကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါကြောင့် သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချနေရတဲ့ စားကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ အရှုံးပေါ်နေပြီး  အရှုံးမခံနိုင်တဲ့အခါ လုပ်ငန်းတွေကို ရပ်ဆိုင်းသွားဖို့ ပြင်ဆင်နေကြတဲ့အတွက် ထုတ်လုပ်မှုက ပိုရှားပါးလာပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပိုမိုရင်ဆိုင်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက  သုံးသပ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013