ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်က အကျဉ်းဦးစီးဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲပြီး စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တွေက ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးရေးလုပ်နေတယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။
ဒီဇင်ဘာ ၈ ရက်ကတည်းက အကျဉ်းထောင်ဝန်ထမ်းတွေကို စရဖတွေက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က အတည်ပြု ပြောပါတယ်။
“တကယ်က တနေ့ကတည်းက ဖမ်းနေတာ၊ စုစုပေါင်း ၁၂ ယောက်လောက်ရှိတယ်။ အသံမထွက်ကြတာ။ အခုက ၄ ယောက်လောက်ပဲ အသံထွက်တာ စစ်နေတုန်း၊ ဘာကြောင့်လဲ ဆိုတာကို သေသေချာချာမသိရပေမဲ့ ထောင်ထဲက PDF ကလေးတွေနဲ့ ပတ်သက်လို့ဆိုပြီး ဖမ်းသွားတာပဲ။”
အကျဉ်းထောင်ထဲက နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံအကျဉ်းသားတွေရဲ့ စာတွေ ပြင်ပကို ရောက်ရှိတာ၊ အကျဉ်းထောင်အတွင်း လက်ကိုင်ဖုန်းတွေ စစ်ဆေးတွေ့ရှိတာတွေကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက အကျဉ်းထောင်ဝန်ထမ်းတွေကို စရဖတွေက အသွင်ယူ စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ နီးစပ်သူတယောက်က “အဓိကကတော့ ဖရဲသီးလုပ်တယ်ဆိုပြီး ဖမ်းတာပေါ့။ တိတိကျကျ ဘာရယ်ကြောင့်ဆိုတာတော့ မသိပေမဲ့ အရင်ရက်တွေက ထောင်ထဲက စာတွေ အပြင်ကိုထွက်တယ်မလား၊ အဲဒါကြောင့်လည်းပါတယ်။ ဘာဆက်ဖြစ်မလဲ ဆိုတာတော့ သေချာမသိသေးဘူး၊ စစ်ဆေးနေတုန်းဆိုတော့” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အင်းစိန်အကျဉ်းထောင်မှာ လုံခြုံရေးတင်းကျပ်ထားပြီး အဝင်အထွက်တွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။