မတရား အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့တဲ့ကာလတလျှောက် စစ်ကောင်စီရဲ့ အနေအထားဟာ လက်ရှိမှာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ ပူးတွဲ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး နိုင်ငံတဝန်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့ဆီကို အောင်ပွဲတွေ ကူးစက်သွားခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နယ်စပ်ဧရိယာတွေမှာရှိတဲ့ စစ်ကောင်စီ အခြေစိုက်စခန်းတွေနဲ့ စက်မှုလုပ်ငန်းတွေရှိရာနေရာတွေကို ပစ်မှတ်ထားပြီး အရေးပါတဲ့ နယ်မြေသိမ်းပိုက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အဘက်ဘက်ကနေ သိသိသာသာ ချည့်နဲ့ယိုယွင်းလာတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အရွယ်ရောက် အမျိုးသား အမျိုးသမီးအားလုံး၊ ရိုဟင်ဂျာတွေပါမကျန် အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေ ကြေညာခဲ့ပြီးနောက်ပိုင်း တရားမဝင် ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ ပြန်ပေးဆွဲတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့အတွက် လူငယ်များစွာဟာ စစ်မှုထမ်းရမယ့်ဘေးကနေ ကင်းဝေးနိုင်ဖို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ လူသားအရင်းအမြစ်တွေနဲ့အတူ အရေးပါတဲ့ နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရမှုဟာ စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းရေးအပေါ် သက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းစစ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က အနိုင်ရရှိနိုင်တဲ့ အခွင့်အလမ်းတွေဟာ အရင်ကထက် ပိုမို အလေးသာလာခဲ့ပါတယ်။
စစ်ကောင်စီ အာဏာလက်လွှတ်ရနိုင်ခြေရှိလာမှုနဲ့ အစိုးရသစ်ဖွဲ့နိုင်ရေး မရေရာမှုတွေကြောင့် တရုတ်နိုင်ငံကလွဲပြီး မြန်မာ့အရေးကို စောင့်ကြည့်အကဲခတ်နေတဲ့ နိုင်ငံများစွာဟာ မြန်မာ့ပဋိပက္ခမှာ ခေါင်းရှောင်လာကြပါတယ်။ တရုတ်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အတွေးအမြင် ပဓာနဝါဒထက် လက်တွေ့အကျိုးမျှော်ဝါဒကိုပဲ ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့်ပဲ တရုတ်ဟာ စစ်ကောင်စီနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများနဲ့ပါ ဟန်ချက်ညီဆက်ဆံရေးကို ထိန်းသိမ်းခဲ့ပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဖက်စလုံးကို နိုင်ငံရေးနည်းနဲ့အပြင် လက်နက်အထောက်အပံ့တွေပါ တပြိုင်နက် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း တရုတ်နယ်စပ်တလျှောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှုနဲ့အတူ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်လာချိန်မှာတော့ ဘေဂျင်းအစိုးရဟာ နှစ်ဖက်စလုံးအပေါ် အလိုမကျမှုတွေ ကြီးထွားလာခဲ့ပါတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မြေရှားသတ္တုနဲ့ ရေနက်ဆိပ်ကမ်းတွေအပါအဝင် မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။
ဒီစီးပွားရေးလုပ်ငန်း စီမံကိန်းတွေထဲကတချို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ စတင်ခဲ့ပေမဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီစီမံကိန်းတွေကို တရုတ်နဲ့ အနီးကပ် ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တဖွဲ့စီဖြစ်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဗဟိုကနေ ချုပ်ကိုင်နိုင်တဲ့ အတိုက်အခံကိုယ်စားပြုအဖွဲ့ မရှိတာကြောင့် ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ဦးထိပ်ထားလေ့ရှိတဲ့ တရုတ်နိုင်ငံအတွက် တရားမဝင် စစ်ကောင်စီဟာ အကောင်းဆုံး ရွေးချယ်စရာ မဟာမိတ်အနေနဲ့ ဆက်ရှိနေပါတယ်။
တကယ်တော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှသာ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ရှေ့ဆက်နိုင်မှာဖြစ်တဲ့အတွက် ဒေသတွင်းခေါင်းဆောင်တွေနဲ့အတူ ပြုလုပ်တဲ့ အဆင့်မြင့်အစည်းအဝေးတွေနဲ့ မြန်မာနိုင်ငံက အတိုက်အခံ အဖွဲ့တွေနဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာ့ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ တရုတ်ဘက်က အပြင်းအထန် တွန်းအားပေးတာဟာ အံ့ဩစရာတော့ မရှိပါဘူး။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ တရုတ်ဦးဆောင်တဲ့ ဆွေးနွေးပွဲမှန်သမျှဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးအရှိန်အဟုန်ကိုပဲ ရပ်တန့်စေခဲ့ပြီး စစ်တပ်အတွက်ပဲ အကျိုးအမြတ်ရနေတဲ့အတွက် တာရှည်မခံဘဲ ကျိုးပျက်ခဲ့ပါတယ်။
အခုအခါမှာတော့ ရွေးကောက်ပွဲကျင်းပရေးဟာ စစ်ကောင်စီအတွက် တရုတ်ရဲ့ ကျားကန်ပေးမှုတွေထဲက အရေးကြီး အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ ဩဂုတ်လမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီကျင်းပသွားဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို နည်းပညာပိုင်းနဲ့ ငွေကြေးအကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့သလို အာဆီယံခေါင်းဆောင်တွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးကို လိုလားတဲ့အကြောင်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ထောက်ခံတဲ့ သူ့ရဲ့သဘောထားကို တရုတ်က အတိအလင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲရလဒ် ၉၀ ရာခိုင်နှုန်းနီးပါးအထိ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အတိုက်အခံနိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ကျိန်းသေပေါက် အနိုင်ရအောင် အပိုင်ပြင်ထားပါတယ်။ ဒါတင်မက တခြားနိုင်ငံရေးပါတီတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်လို့မရအောင် တားမြစ်ထားပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် စစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲကနေ နိုင်ငံရေးထွက်ပေါက် ရသွားစေနိုင်ပြီး သူ့ကိုယ်သူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ တရားဝင်အစိုးရအနေနဲ့ လီဆယ်ပုံဖော်ကာ စစ်အာဏာရှင်စနစ်ဆိုးအောက်ကနေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အဖွဲ့တွေကိုတော့ ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေအဖြစ် ကင်ပွန်းတပ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားရခြင်းရဲ့ နောက်ခံဇာတ်ကြောင်းကိုလည်း ခေါင်းစဉ်ပြောင်းပြီး လက်ရှိအကျပ်အတည်းဟာ ရွေးကောက်ခံအစိုးရနဲ့ အကြမ်းဖက်သမားတွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် နိုင်ငံတကာကို ကလိမ်စေ့ငြမ်းဆင်သွားနိုင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ စစ်ကောင်စီရဲ့ တခြားမိတ်ဖက်နိုင်ငံတွေကလည်း အလားတူ သံယောင်လိုက်သွားဖို့ သေချာသလောက် ရှိနေပါတယ်။ တကယ်လို့ တရုတ်အထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့မယ်ဆိုရင် တရုတ်ကလည်း သူ့ကိုယ်သူ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို မြှင့်တင်ပေးနေတဲ့ အဓိက ဇာတ်ကောင်အဖြစ် ကမ္ဘာ့မျက်နှာစာမှာ ကိုယ်ဟန်ပြသွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တက်လာတဲ့ အစိုးရက အာဏာရှင်အစိုးရပဲ ဖြစ်နေပါစေ၊ တရုတ်အတွက်တော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရှေ့ဆက်နိုင်ဖို့က ပဓာန ဖြစ်ပါတယ်။
တရုတ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပသွားဖို့ စီစဉ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု မရှိသလို မြန်မာပြည်သူတွေရဲ့ ရင်ထဲက ရပ်တည်ချက်သဘောထားကိုလည်း ထင်ဟပ်စေမှာ မဟုတ်တဲ့အပြင် နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုလည်း ရပ်တန့်သွားစေမှာ မဟုတ်ကြောင်း အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဒီမိုကရေစီကို လိုလားတဲ့ တခြားကမ္ဘာ့နိုင်ငံတွေအနေနဲ့ လူသိရှင်ကြား တရားဝင် ထုတ်ဖော် ပြောဆိုသွားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်ကောင်စီပြိုလဲတာနဲ့တပြိုင်နက် စစ်မှန်ပြီး ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အမေရိကန်နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ လက်တွဲ ဆောင်ရွက်သွားသင့်ပါတယ်။ တရုတ်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက အတုအယောင် ရွေးကောက်ပွဲကနေ တဆင့် ငရဲခွေးကို ရဲဆေးတင်မပေးခင်မှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက လက်ဦးမှု ရယူနိုင်အောင် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။
အဲလက်စ်တောရက်ခ်
Ref: East Asia Forum
ဘာသာပြန်- ရာစုသစ်