ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ခရီးစဉ်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုကြောင့် KIO ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၈ ရက်မှာ တရုတ်နိုင်ငံကို ထွက်ခွာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ လိုင်ဇာကို ပြန်ရောက်နေပြီလို့ သိရပါတယ်။
ဗိုလ်မှူးကြီးနော်ဘူက “နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စတွေပေါ့နော်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးမှ ဆွေးနွေးကြပါ ဆိုတာမျိုးတွေပေါ့၊ နောက် နယ်စပ်ဂိတ် ပြန်ဖွင့်ရေးကိစ္စတွေ ဆွေးနွေးတယ်ဆိုတာ ကြားပါတယ်။ တရားဝင်တော့ ထုတ်ပြန်ကြေညာချက် လုပ်ပေးတာတွေတော့ မရှိဘူး။ သူတို့လည်း အချင်းချင်း တခုခု သဘောတူထားတဲ့ စာချုပ်စာတမ်း လုပ်ထားတာတွေကတော့ မရှိဘူးလို့ ကြားတယ်။ အဲဒီလောက်ပဲ ကြားပါတယ်ခင်ဗျ” လို့ DVB ကို ပြောပါတယ်။
ဗန်းမော်နဲ့ မံစီမြို့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေချိန်မှာ KIO ခေါင်းဆောင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်အပြီးမှာပဲ ကချင်-တရုတ်နယ်စပ်က ကုန်သွယ်ရေးဂိတ်တွေ အားလုံးကို ပြန်ဖွင့်လိုက်ပေမဲ့ တရားဝင်ကုန်သွယ်မှုနဲ့ လူသူဖြတ်သန်းသွားလာတာတော့ မရှိသေးဘူးလို့ KIO ဘက်က ပြောပါတယ်။
KIA ဟာ ဒေါ်လာဘီလီယံချီတန်တဲ့ ကျောက်မျက်တွေထွက်ရာ ဖားကန့်ရဲ့ နေရာအတော်များများနဲ့ အဝင်အထွက် လမ်းတွေကို ထိန်းချုပ်ထားကာ ပြီးခဲ့တဲ့လတွေထဲမှာပဲ မြေရှားသတ္တုထွက်ရာ ကချင်အထူးဒေသ ၁ တခုလုံးကို သိမ်းပိုက်လိုက်တာပါ။
ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ ခရီးစဉ်မှာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ (CPPCC) အဖွဲ့ဝင် Wu Ken နဲ့ တွေ့ဆုံခဲ့တာဖြစ်ပေမဲ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့လား ဆိုတာကိုတော့ KIO၊ KIA ဘက်က ထုတ်ပြောလာတာ မရှိသေးပါဘူး။
ဒါ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခေါင်လန်ဖူးမြို့နယ်ထဲက ပြည်သူ့စစ်စခန်းတခုကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်ကလည်း ပူတာအို-ခေါင်လန်ဖူး လမ်းကြောင်းမှာ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။