Home
နိုင်ငံတကာ
ယူကရိန်းအရေး ထရမ့်ပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု ပူတင်ပြော
DVB
·
December 20, 2024
Photo : Reuters

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ပူတင်က ယူကရိန်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုကို စတင်မှာ မဟုတ်ပေမဲ့ ဒေါ်နယ်ထရမ့်ပ်နဲ့ စစ်ပွဲအဆုံးသတ်ရေး ပူးပေါင်းမယ်လို့ ပြောခဲ့တာပါ။

၁၉၈၇ ခုနှစ်က “အပေးအယူ အနုပညာ” ဆိုတဲ့ စာအုပ်ရေးသားထုတ်ဝေခဲ့ဖူးတဲ့ ထရမ့်ပ်ဟာ ယူကရိန်း-ရုရှား ပဋိပက္ခကို အဆုံးသတ်ပေးမယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။

ပူတင်က “ဆွေးနွေးညှိနှိုင်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ အမြဲတမ်းပြောခဲ့ပါတယ်။ ကျနော်တို့က အသင့်ပါပဲ၊ အခြားဘက်က ဆွေးနွေးဖို့နဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ပူတင်က အပစ်အခတ်ရပ်ရေး ဆွေးနွေးဖို့ ဒေါ်နယ်ထရမ့်ပ်ကို လမ်းဖွင့်ထားတယ်လို့ ဆိုပေမဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ အဆုံးရှုံးခံမှာမဟုတ်ဘဲ ယူကရိန်းကိုလည်း NATO အဖွဲ့ထဲ ဝင်ရောက်ခွင့်ကိုလည်း စွန့်လွှတ်ရမယ်လို့ ပြီးခဲ့တဲ့လက အခိုင်အမာ ပြောထားဖူးပါတယ်။

ယူကရိန်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖြစ်ပါက ရုရှားအနေနဲ့ ယူကရိန်းလွှတ်တော်နဲ့ပဲ ဆွေးနွေးဖွယ် ရှိတယ်လို့လည်း ပူတင်က ဆိုပါတယ်။

ဇလန်းစကီးရဲ့ အစိုးရအဖွဲ့ဟာ ဒီနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဆွေးနွေးပွဲတရားဝင်ဖြစ်ဖို့ ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ဖို့ လိုတယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဥရောပရဲ့ လုံခြုံရေးအာမခံပေးမှုတွေက မလုံလောက်ဘူးလို့ ‌ဒီဇင်ဘာ ၁၉ ရက်က ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့ ဥရောပ ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။

ဥရောပရဲ့ အာမခံမှုသာမက ဒေါ်နယ်ထရမ့်ပ်ကလည်း သူတို့ဘက်မှာ ရှိမှရမယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

အဲဒီအစည်းအဝေးမှာ ဥရောပသမဂ္ဂက ယူကရိန်းနိုင်ငံကို ၂၀၂၅ ခုနှစ်မှာ ယူရို ဘီလီယံ ၃၀ ထပ်တိုးပေးမယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာက ပြောပါတယ်

ဥရောပသမဂ္ဂဟာ ရုရှားက ယူကရိန်းထိုးစစ် စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ယူရို ဘီလီယံ ၁၃၀ ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ယူရို ဘီလီယံ ၃၀ ထပ်ပေးမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013