အီရန်အာဏာပိုင်တွေဟာ အင်တာနက် ကန့်သတ်ချက်တွေကို ပြန်လျှော့ချတဲ့ ပထမဆုံးအဆင့် အနေနဲ့ အမေရိကန်နိုင်ငံစုံ နည်းပညာလုပ်ငန်းစုဖြစ်တဲ့ META ကုမ္ပဏီမှ အမြန်ချက်ချင်း စာတိုပေးပို့မှု ပလက်ဖောင်း WhatsApp နဲ့ Google Play Store တို့ကို ပိတ်ပင်ထားမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်အသုံးပြုခွင့်အပေါ် အတင်းကျပ်ဆုံး ထိန်းချုပ်မှုတချို့ ရှိပေမဲ့ Facebook ၊ Twitter နဲ့ YouTube တို့လို အမေရိကန်အခြေစိုက် ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်ထားမှုကို နည်းပညာကျွမ်းကျင်တဲ့ အီရန်နိုင်ငံသားတွေဟာ အင်တာနက်သုံးစွဲသူရဲ့ ဒေတာဝှက်ပေးတဲ့ VPN ကွန်ရက်တွေကိုသုံးပြီး ကျော်လွှားကြပါတယ်။ အင်တာနက်သုံးစွဲသူ အီရန်နိုင်ငံသားတွေကတော့ ကမ္ဘာ့အကောင်းဆုံး အက်ပ်စတိုး တစ်ခုဖြစ်တဲ့ ဂူးဂဲပလေးကို ပြန်သုံးနိုင်လို့ ဝမ်းသာကြောင်း ပြောကြပြီး နောက်ထပ် တခြားအပလီကေးရှင်းတွေအပေါ် တားမြစ်ချက်တွေကို ဖယ်ရှားဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုပါတယ်။
လူတွေ အသုံးမများတဲ့ အက်ပ်တွေကို ပြန်ဖွင့်ပေးတာထက် ပိုကျယ်ပြန့်ပြီး ပိုကောင်းမွန်တဲ့ ကွန်ရက်တွေကို ဖွင့်ပေးတာမျိုးဆို ပိုအဆင်ပြေလိမ့်မယ်လို့လည်း ဆိုပါတယ်။ အက်ပလီကေးရှင်းကို စီမံခန့်ခွဲနိုင်ဖို့ တိကျသေချာတဲ့ ကြီးကြပ်မှု ရှိသင့်ပေမယ့် ဒီလို တင်းကျပ်ထားတာကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပိုထိခိုက်စေတယ်လို့ ဆိုပါတယ်။
အလုပ်အများစုကလည်း အွန်လိုင်းမှာဖြစ်နေပြီး အွန်လိုင်းရောင်းချမှုတွေ၊ အွန်လိုင်းစတိုးတွေက အင်စတာဂရမ်လို ပလက်ဖောင်းကနေတဆင့် အလုပ် လုပ်ကြရတာကြောင့် ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းပေးလိုက်ရင် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတာပါ။
စက်တင်ဘာလတုန်းက အမေရိကန်ဟာ အီရန် အပါအဝင် အင်တာနက်ကို ပြင်းပြင်းထန်ထန် အာရုံခံထောက်လှမ်းကြတဲ့ နိုင်ငံတွေမှာ အွန်လိုင်းဆင်ဆာဖြတ်တောက်မှုကို ရှောင်ရှားပေးဖို့ နည်းပညာကုမ္ပဏီကြီးကို တောင်းဆိုခဲ့ပါတယ်။
Source : Reuters