Home
နိုင်ငံတကာ
အီရန်တက္ကသိုလ်တွင် အဝတ်ချွတ်ဆန္ဒပြသည့်ကျောင်းသူ အဖမ်းခံရ
DVB
·
November 4, 2024
Photo : SOCIAL MEDIA

အီရန်နိုင်ငံတွင်းက တက္ကသိုလ်တခုမှာ အဝတ်ချွတ်ပြီး အတွင်းခံနဲ့ နေကာ သွားလာနေတဲ့ ကျောင်းသူတယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ကျောင်းသားတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ အီရန်ရဲ့ တင်းကျပ်တဲ့ အစ္စလာမ္မစ် ဝတ်စားဆင်ယင်မှုစည်းမျဉ်းကို ဆန္ဒပြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာတော့ အမျိုးသမီးတယောက်ဟာ တက္ကသိုလ်ပြင်ပမှာ အတွင်းခံနဲ့ထိုင်နေပြီး ဆံပင်ကိုလည်း ဖုံးကွယ်မထားတာ တွေ့ရပါတယ်။

ခေါင်းမြီးခြုံထားတဲ့ တခြားကျောင်းသူတွေ အပါအဝင် ကျောင်းသားကျောင်းသူတွေကို လက်ဟန်ခြေဟန်နဲ့ ပြောနေတာပါ တွေ့ရပြီး အဲဒီနောက် ကျောင်းပရိဝုဏ်ထဲမှာ လျှောက်သွားနေခဲ့ပါတယ်။

နောက်ဗီဒီယိုတခုမှာတော့ လမ်းပေါ်မှာ အဲဒီအတိုင်း အတွင်းခံနဲ့ လျှောက်သွားနေတုန်း အမျိုးသားတစုက သူ့ကို ဝိုင်းလိုက်ပြီး ကားပေါ်ခေါ်တင် မောင်းထွက်သွားတာ တွေ့ရပါတယ်။

Amnesty International ကတော့ ဒီအမျိုးသမီးဟာ မြို့တော်တီဟီရန်မှာရှိတဲ့ အစ္စလာမ္မစ်အဇတ်ဒ် တက္ကသိုလ်မှာ ဝတ်စားဆင်ယင်မှု စည်းမျဉ်း အတင်းအဓမ္မ အကောင်အထည်ဖော်မှုကို ဆန္ဒပြအပြီးမှာ အကြမ်းဖက် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအမျိုးသမီးကို အရင်က အီရန်စေတနာ့ဝန်ထမ်း လက်နက်ကိုင်အဖွဲ့ Basij အဖွဲ့ဝင်တွေက ကျောင်းဝင်းထဲမှာပဲ ညှဉ်းပန်းနှိပ်စက်ဖူးတယ်လို့ အီရန်ကျောင်းသား လူမှုကွန်ရက်တခုမှာ ရေးသားထားပါတယ်။

အဲဒီတုန်းက အဲဒီအဖွဲ့ဝင်တွေဟာ သူ့ရဲ့ခေါင်းစည်းကို ဆွဲဖြုတ်ပြီး အဝတ်တွေပါ ဆွဲဖြဲခဲ့ကြတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဘက်ကတော့ ဒီအမျိုးသမီးကို ရဲစခန်းခေါ်သွားတာကို အတည်ပြုပေမဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရသူသာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးနှစ်ယောက်ရှိသလို ခင်ပွန်းသည်နဲ့ကွဲနေလို့ စိတ်ဂယောက်ဂယက် ဖြစ်နေသူသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

အီရန်ဥပဒေအရ အမျိုးသမီးတွေဟာ အများပြည်သူမြင်ကွင်းမှာ ခေါင်းမြီးခြုံဖို့ မဖြစ်မနေ လိုအပ်တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ဟာ ခေါင်းမြီးခြုံတာ ပုံမကျလို့ဆိုပြီး ကိုယ်ကျင့်တရားထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားစဉ် အသက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီကိစ္စကြောင့် အီရန်နိုင်ငံတဝန်း ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ပြီး အင်အားသုံးနှိမ်နင်းမှုကြောင့် လူရာချီ သေဆုံးခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024