ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အခြေစိုက် တပ်ရင်း ၂ ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးတချို့နဲ့အတူ တပ်သား ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ဂွမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂ ပတ်ကြာ ထိုးစစ်ဆင်အပြီး ဒီဇင်ဘာ ၂၉ ရက်မှာ တပ်ရင်း ၂ ခုလုံးကို တရက်တည်း သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ AA က ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်လိုက်တာပါ။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က AA ရဲ့ တိုက်ခိုက်မှုတွေကို အင်အား ၁,၂၀၀ ကျော်နဲ့အတူ သံချပ်ကာပစ်ကူ၊ လေကြောင်း ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာကား၊ စစ်ကူအများအပြားနဲ့ ခုခံကာကွယ်ခဲ့တဲ့ကြားက သိမ်းပိုက်ခဲ့တာလို့ AA က ဆိုပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲအပြီး စစ်တပ်ဘက်က စစ်အသုံးအဆောင် လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း အမြောက်အမြားကိုလည်း AA က ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း AA က နောက်ဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တခုဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။