Home
မြန်မာသတင်း
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အသင့်ရှိဟု AA ထုတ်ပြန်
DVB
·
December 29, 2024

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ်  နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ရခိုင်တပြည်နယ်လုံးနီးပါး သိမ်းပိုက်ပြီးချိန်မှာ ထုတ်ပြန်လာတာဖြစ်ပြီး  အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့ ဘယ်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက် လည်ပတ်နိုင်ရေးအတွက် အဲဒီကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း လိုလားတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ရခိုင်ဒေသတွင်းက ထိုးစစ်တွေဟာ ရခိုင်ပြည်မှာနေတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ လိုလားတဲ့ဆန္ဒနဲ့ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူပြုမယ်လို့ အကြွင်းမဲ့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

ပြီးတော့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ လိုလားတောင့်တတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ တလုံးတဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပြီး မြန်မာပြည်အတွင်းက တိုင်းရင်းသားညီအစ်ကိုတွေရဲ့ အကောင်းဆုံးညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

တရုတ်ရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှုတွေ ပပျောက်ရေး၊ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး စတဲ့ကဏ္ဍတွေမှာ ကိုးကန့်၊ တအာင်း အဖွဲ့အစည်းတွေနဲ့အတူ ‘ဟိုင်ဂင်သဘောတူညီချက်’ ရရှိတဲ့အထိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့သလို အခုလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးနဲ့ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိတယ်လို့ ကြေညာပါတယ်။

AA ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်ထဲက တိုင်းစစ်ဌာနချုပ်အပါအဝင် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး ရှမ်းပြည်နယ်က တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်မတော် (MNDAA) ကလည်း တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်လို့ ထုတ်ပြန်ထားသလို သူတို့နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ကလည်း တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ ဦးဆောင်မှုနဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အကြီးအကဲတွေဟာ ဒီဇင်ဘာ ဒုတိယအပတ်က ကူမင်းမြို့မှာ ဆွေးနွေးခဲ့ကြပေမဲ့ နှစ်ဖက် သဘောတူညီမှုတွေမရဘဲ ပြီးဆုံးသွားခဲ့ပြီလို့ DVB သတင်းဌာနရဲ့ သတင်းအရင်းအမြစ်တချို့က ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013