Home
မြန်မာသတင်း
ရခိုင်တွင် တရားမဝင် အရက်များအား AA အာဏာပိုင်အဖွဲ့ ကွင်းဆင်းစစ်ဆေး
DVB
·
December 27, 2024
Photo : APM

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ တရားမဝင် တင်သွင်းနေတဲ့ နိုင်ငံခြားထုတ်နဲ့ ပြည်မထုတ် အရက်နဲ့ ဘီယာမျိုးစုံ ကင်းစင်ပပျောက်ရေးအတွက် ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။

အခုလို ကွင်းဆင်းစစ်ဆေးရာမှာ သိမ်းဆည်းရမိခဲ့တဲ့ အရက်၊ ဘီယာနဲ့ ဝိုင်တွေကိုတော့ သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းထားမှာဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးပါက ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“၃ လအတွင်းမှာ ကုန်အောင် အပြီးသတ်ရောင်းချဖို့ အသိပေး ထုတ်ပြန်ထားပြီးလို့ အခုလို ကွင်းဆင်းစစ်ဆေးတာပါ။ ဒီနေရာမှာ ရှာဖွေတွေ့ရှိတဲ့ ဆိုင်တွေက ပြည်ပနဲ့ ပြည်မထုတ် အရက်သေစာတွေကို ပထမဆုံး သတိပေးတဲ့အနေနဲ့ သိမ်းဆည်းတာပါ။ နောက်နောင် ကန့်သတ်ပိတ်ပင်ထားတဲ့ တရားမဝင် အရက်/ဘီယာတွေကို ထပ်မံရောင်းချတာတွေ့ရင်တော့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

အဲဒီ ကွင်းဆင်းစစ်ဆေးမှုကိုတော့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနက တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးဌာနနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းကာ အရက်သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ပြည်ပနဲ့ ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်တွေကို တဆိုင်ဝင်တဆိုင်ထွက် လိုက်လံရှာဖွေ စစ်ဆေးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ပုဏ္ဏားကျွန်း ဒေသခံတယောက်က “အရင်ကတော့ ကျနော်တို့ဘက်မှာ မြန်မာဘီယာနဲ့ Andaman gold ဘီယာတွေပဲ သောက်နေကြတာ။ အခု ဒါတွေကို ပိတ်လိုက်တော့ ကိုယ့်ဒေသထွက် ဆန်အရက်တို့ ရိုးရာချက်အရက်တို့ပဲ ပြန်သောက်ရတော့မှာပေါ့။ ဒေသထွက်ဆိုပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နိုင်ငံခြားဖြစ်နဲ့ ပြည်မထုတ် အရက်၊ စီးကရက် စတဲ့ မူးယစ်ကုန်တွေကို စက်တင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ၃ လအတွင်း အကုန်ရောင်းချကြဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ နိုင်ငံရေးမှူးတွေက လက်မှတ်ထိုးပြီး စစ်ဒေသအလိုက် အမိန့်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013