အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေပြီဆိုတာကို လက်ခံဖို့ အာရက္ခတပ်တော် (AA)ရဲ့ ဖမ်းဆီးခံနေရတဲ့ နပခတိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောလိုက်ပါတယ်။
အာရက္ခတပ်တော်က နပခကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကူတွေ မရောက်လာခဲ့သလို စစ်ကောင်စီတပ်သားတွေအနေနဲ့ ရိက္ခာပြတ်တောက်မှုကို ခံစားနေရကာ AA ရဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကြားမှာ ကျရှုံးခဲ့ပြီး ဖမ်းဆီးခံရတာလို့ ဒီဇင်ဘာ ၂၆ ရက်မှာ AA က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ နပခတိုင်းမှူးက ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်အနေနဲ့ ရခိုင်မှာစစ်ရှုံးနေတာကို လက်ခံဖို့၊ တပ်မတော်သားတွေကို ငဲ့ညာဖို့ ပြည်သူတွေကို အကြမ်းဖက်တာတွေ ထပ်မလုပ်ဖို့ကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ဒါတွေကို ဆက်လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်က နပခတိုက်ပွဲမှာ ဖမ်းဆီးခံထားရသူတွေကို စစ်သုံ့ပန်းဥပဒေအတိုင်း ကောင်းမွန်စွာ ထားရှိတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေအနေနဲ့ ခေါင်းဆောင်မပီသသူ လက်အောက်မှာ ဆက်မနေဘဲ လက်နက်ချဖို့ကိုလည်း နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းသွားပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၀ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။